Excerpts from ATK’s Newly Published Book

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်စာအုပ်သစ် တစ်အုပ် ထွက်ပါတယ်။ “မိန်းမသားတို့ သိမ်းထားဖို့”ဆိုတဲ့ စာအုပ်ပါ။ Connection ကြောင့်ရယ်၊ ကျွန်တော့်မှာ သိပ်ကို အလုပ်များနေတာကြောင့်ရယ် အဲဒီ့ သတင်းကို မတင်ဖြစ်ခဲ့ပါဘူး။ အခု  အဲဒီ့စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ် တင်ဆက်လိုက်ပါတယ်။ ဖတ်ရှုဝေဖန်တော်မူနိုင်ကြပါကြောင်း။

လမ်းမှာ တွေ့ရတတ်တဲ့ သစ်ပင်များအကြောင်း

၁။

ဆရာရှင့်

သမီးက သည်လို စာတွေ ရေးလေ့ရေးထ မရှိလို့ အမှားပါရင် ခွင့်လွှတ်ပါရှင့်။

သမီးအသက်က ၂၀ရှိပါပြီ။ သမီးချစ်သူနဲ့ သမီးတို့ ချစ်သူဖြစ်တာ တစ်နှစ် ပြည့်သွားပါပြီ။ သမီးတို့နှစ်ယောက်က သူငယ်ချင်းလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သမီးတို့ အမြဲလိုလို ရန်ဖြစ်ပြီး စိတ်ကောက်တတ်ကြပါတယ်။ ဖြစ်တာကတော့လည်း ခဏပါ။ တစ်ရက်တောင် မခံပါဘူး၊ ခဏလေးပါပဲ။


သမီးက ဆရာ့ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့”စာအုပ်ကို ရည်းစားဖြစ်ပြီး နှစ်လလောက်မှာ သူ့ကို ဖတ်ခိုင်းထားပါတယ်။

ဪ… ရေးဖို့ ကျန်သေးတယ်။ သူက သမီးထက် အသက် နှစ်နှစ် ပိုကြီးပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်ပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ သူ့အိမ်က အလုပ်မှာ ကူပါတယ်။ သမီးနဲ့ တွေ့ချိန်လည်း နည်းပါတယ်။ သမီးတို့ နှစ်ယောက်ကလည်း အရမ်း ချစ်ပါတယ်။ ရန်လည်း ဖြစ်ပါတယ်။

သည်လိုနဲ့ ဆရာရယ်… တွေ့ချိန်နည်းတော့ ကျူရှင်တို့၊ ကျောင်းတို့က သူငယ်ချင်းတွေနဲ့ သမီးကို သူက အမြဲတမ်း အထင်လွဲတယ်။ သမီး အရမ်း စိတ်ညစ်တာပဲ။ သမီးက သူ့ကို စာအုပ်ဖတ်ခိုင်းထားတော့ သူက အမြဲပဲ သမီးကို ညီမလေးတစ်ယောက်လို၊ ချစ်သူတစ်ယောက်လိုနဲ့ လိုတာထက် ပိုပြီး သမီးကို မချစ်ပါဘူး။

ဆရာ့စာအုပ်ကို သေချာဖတ်လေလေ၊ ယောက်ျားတွေကို ကြောက်မိလေလေပါပဲဆရာ။ သမီး အထင်ကြီးတဲ့ ဆရာတို့၊ သမီးအဖေတို့ကရော သည်လိုတွေချည်းပဲလား။ တောင်းပန်ပါတယ်နော်။ ဆရာ့စာအုပ်ထဲကအတိုင်းလေ။ သည်လိုပဲလား။ သမီးချစ်သူကရော၊ သူက သမီးကို လုံးဝ မရသေးလို့ပဲလား ဆရာ။ အဲဒီ့အထင်နဲ့ သမီးမှာ စိတ်ညစ်နေရပါတယ်။

သူ့မိဘတွေနဲ့တော့ သမီးတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့က မိတ်ဆက်ပြီးပါပြီ။ အားလုံး အိုခေပါပဲ ဆရာ။ သူက သူ့အသက် ၂၅နှစ် ပြည့်ရင် သမီးကို လက်ထပ်မယ်လို့ ပြောနေပါတယ်ဆရာ။ အခု သူက ၂၂နှစ် ကျော်ပြီလေ။ သမီးမိဘတွေနဲ့လည်း မိတ်ဆက်ပေးဖို့ ပြောနေပါတယ်ဆရာ။ သမီး ဘယ်လို လုပ်ရမလဲ။ မိဘတွေနဲ့ရော ဘယ်လို ဆုံပေးရပါသလဲ။ ဆရာက သမီးရှင်တစ်ယောက်အနေနဲ့ မိဘတွေ ဘယ်လိုကြိုက်သလဲဆိုတာကို ပြောပေး ပါဆရာ။ ဘာတွေ လိုအပ်သလဲဆိုတာကိုပေါ့။

သူက သမီးကို ရပြီးရင် နောက်မိန်းမတွေနဲ့ တွဲဦးမှာလားဟင်။ ဆရာ့ စာအုပ်ထဲကလိုပေါ့။ သမီချစ်သူမို့ ပြောတာ မဟုတ်ပါဘူး ဆရာ။ သူ့မှာက နာမည်ပျက် လုံးဝ မရှိပါဘူး။ သမီး သူ့ကို အမျိုးမျိုး စမ်းသပ်ထားတာ။ သမီးသူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးဖူးတယ်၊ သူ့အကြောင်းတွေကိုလည်း အမြဲစုံစမ်းနေတာပါ။ အလုပ်မှာရော၊ သူ့ပတ်ဝန်းကျင်မှာပါ ဘာဆို ဘာမှ မရှိပါဘူး။

သမီး သူ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးသင့်သလားဟင်။ သမီး သူ့ကို ယူသင့်သလား။ သမီး သူ့ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေကို အရမ်း ကြောက်နေတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်။ သမီးကို အကြံဉာဏ်ပေးစေချင်ပါတယ်။

သမီးရဲ့လိပ်စာက (မြို့ကြီးတစ်မြို့မှ တက္ကသိုလ်တစ်ခု၏ လိပ်စာကို ပေးထားပါသည်။)

မတ်လမှာ ကျောင်းပိတ်မှာမို့ သမီးရဲ့ စာကို မဖတ်ဖြစ်ခဲ့ရင် ဆရာ့ရဲ့ အကြံပေးစာကို စက်တင်ဘာလကျမှ ပို့ပေးစေချင်ပါတယ်။

၂။

နေ့စွဲမပါ။ လက်မှတ်ထိုးမထားသော စာတစ်စောင်ဖြစ်သည်။ ထားပါ။ သူ့ဆီကို ကျွန်တော် ချက်ချင်းပင် စာပြန်ပေးခဲ့ပါသည်။ ကျွန်တော့်ပြန်စာကို ဦးစွာ ဖတ်ရှုတော်မူကြပါဦး။

၂၀ဝ၇ ဇန်နဝါရီ ၃၁


သမီး မဟဝှာ


သမီးရဲ့ နေ့စွဲမပါတဲ့ စာကို ပြန်လိုက်တာပါ။ လိုရင်းကို တိုတိုရှင်းရှင်းပဲ ပြောပါရစေ။

  1. တစ်ယောက်တည်းကို ချစ်ဖူးပြီး အဲဒီ့တစ်ယောက်တည်းကိုပဲ တစ်သက်တာ လက်တွဲဖို့ စဉ်းစားတဲ့သူလောက် သည်လောကမှာ ဆင်ခြင်ဉာဏ် ကင်းမဲ့သူ ရှိမှာ မဟုတ်ဘူးလို့ ဆရာကတော့ ယူဆပါတယ်။ လူတိုင်းမှာ ရွေးချယ်ခွင့်တွေ ရှိတယ်။ သူငယ်ချင်းတွေနဲ့ပဲ ပြောရအောင်။ ကိုယ်က အကောင်းထင်ပြီး လှိုက်လှိုက်လှဲလှဲ ပေါင်းနေမိပေမဲ့ အရေးအကြောင်းမှာ အားမကိုးရတဲ့ သူငယ်ချင်း၊ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတတ်သလို ကိုယ်က ဘာသိဘာသာနေမိပေမယ့် တကယ်တမ်းမှာ ကိုယ့်အပေါ် အမှန်တကယ် အနွံအတာခံတဲ့ သူငယ်ချင်းမျိုးလည်း တွေရတာ လောကဓမ္မတာပါပဲ။ ပြောရရင်တော့ “လူ”အကြောင်းဟာ ပေါင်းရင်းနဲ့မှ သိလာရတာပါ။ ကိုယ့်ချစ်သူဖြစ်သွားတာနဲ့ သူဟာ “လူ”ဘဝ ကနေ နတ်ဘဝ၊ သိကြားဘဝကို ပြောင်းမသွားဘူး။ သူလည်း လူစစ်စစ်ပဲ။ သူ့မှာလဲ ကိုယ် ထင်မထား၊ သိမထားတဲ့ အနာအဆာတွေ၊ ကိုယ်နဲ့ အစပ်မတည့်တာတွေ တစ်လှေကြီး ရှိနိုင်တယ်။ အဲဒါကို သိပ်ချစ်နေတုန်းတော့ မြင်မှာ မဟုတ်ဘူး။ တစ်သက်တာ ပေါင်းတဲ့အခါကျရင် မြင်လာရတော့မှာ။ အများကြီးထဲက ခေါင်းခေါက် ရွေးတတ်မှသာ မိန်းကလေးတွေအတွက် တန်ကာကျတယ်။ သည်တစ်ယောက်ထဲကိုပဲ ကြိုက်၊ သည်တစ်ယောက်နဲ့ပဲ လက်တွဲခဲ့တဲ့သူတွေရဲ့ မျက်ရည်တွေဟာ ကပ္ပလီပင်လယ်ကြီးထက်တောင် ပိုနေပါလိမ့်မယ်။ ဆရာ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ထောင်ရေး ဒုက္ခသည်တွေဟာလည်း သည်အတိုင်းပဲ။ အချစ်ကို ကိုးကွယ်မိတဲ့ မိန်းမသားတွေဟာ နောက်ဆုံးကျ ဒူးနဲ့တင်မက၊ ခြေသလုံးနဲ့ရော၊ ခြေဖမိုးနဲ့ပါ မျက်ရည် သုတ်နေကြရသူချည်းပါပဲ။ ခြွင်းချက်တစ်ယောက်မှ မရှိဘူး။
  2. ကိုယ့်ထက် နှစ်နှစ်ပဲ ကြီးတဲ့သူကို မရွေးချယ်သင့်ဘူး။ ကိုယ့်အသက် ၅၀ မှာ သူ့အသက်က ၅၂ နှစ်ပဲ ရှိဦးမှာကို စဉ်းစားပါ။ ၅၀ အရွယ် မိန်းမဟာ သွေးဆုံးနေပြီ၊ ကလေးတွေ မွေးထားလို့ ပုံပျက်နေပြီ။ ၅၂ နှစ် အရွယ် ယောက်ျားတစ်ယောက်ဟာ ၅၀ အရွယ် မိန်းမ တစ်ယောက်ကို ဘယ်လို နည်းနဲ့မှ ဖီလင်မလာတော့ဘူး။ အဲဒါကို အပြည့်အဝ ယုံပါ။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ထက်ငယ်တဲ့သူ၊ ကိုယ်နဲ့ မတိမ်းမယိမ်း၊ ကိုယ့် ထက် သုံး-လေးနှစ်လောက်သာ ကြီးသူများကို အိမ်ထောင်ဖက်အဖြစ် လုံးဝ မစဉ်းစားသင့်ဘူး။ အနည်းဆုံး ကိုယ့်ထက် ခုနစ်နှစ် ရှစ်နှစ်ကြီးတဲ့သူကို ရွေးရပါမယ်။ ဖြစ်နိုင်ရင် သည့်ထက်တောင် အသက် ကွာသင့်သေးတယ်။ အဲဒါမှသာ တစ်ဘဝလုံး စိတ်ချမ်းသာရမှာပါ။ ဒါလည်း ခြွင်းချက် မရှိဘူး။
  3. ရည်းစားထားတာကို ဆရာ အပြစ်မတင်ဘူး။ အပြစ်မတင်တဲ့အပြင် အားတောင် ပေးချင်သေးတယ်။ ဒါပေမယ့် တစ်ယောက်တည်း ထားတာဆိုရင်တော့ သတ်ချင်တယ်။ ဆရာ့သမီးနဲ့ သားကိုလည်း အပျိုပေါက်၊ လူပျိုပေါက်ကတည်းက မှာတယ်။ ရည်းစားထားချင်ရင် ကြိုက်တဲ့အရွယ်၊ ကြိုက်တဲ့အချိန်မှာ ထားနိုင်တယ်လို့။ ဒါပေမဲ့ တယောက်တည်းပဲ ထားမယ် ဆိုရင်တော့ နားရင်း အုပ်မှာလို့။ ဆရာ့သမီးက အခုမှ ၁၈ နှစ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်တယ်လို့ ဆရာ အပြည့်အဝ ယုံတဲ့အတွက် တစ်မြို့ တစ်ရွာမှာ သူ့ဘာသာ နေနေတာကို ဆရာ သိပ်မပူပန်မိဘူး။ ဆရာ့သားက အခုမှ ဆယ်တန်း၊ ပြင်ဦးလွင်မှာ ကျောင်းအိပ် ကျောင်းစား နေနေတယ်။ မနှစ်က သူ့အသက် ၁၅ နှစ်အတွင်းမှာ ရည်းစားက လေးယောက်တိတိ ရှိခဲ့ပြီးပြီ။ တယ်လီဖုန်းနဲ့ သူ့ကို မိတ်ဆက်ပြီး စကားပြောနေတဲ့ ကောင်မလေးတွေလည်း တန်းကို စီလို့၊ အိမ်က ဖုန်းဆိုတာ မနားရဘူး။ ဆရာ့သားသမီး တွေကို “အချစ်”အကြောင်း လာမပြောနဲ့၊ ဟားလွှတ်လိမ့်မယ်။ သူတို့ အသည်းလည်း ကွဲဖူးတယ်၊ ချစ်လိုက်တာလည်း တုန်ဖူးတယ်။ ဒါပေမဲ့ လင်ယူ၊ မယားယူဖို့ စိတ်ကို မကူးကြမှန်း ဆရာ အသိဆုံးပါ။ သူတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက်ကိုပဲ စဉ်းစားမယ်လို့ ဆရာ ယုံတယ်။ ဒါ ကြွားတာ မဟုတ်ဘူးနော်။ ကြွားစရာကိစ္စလည်း မဟုတ်ဘူး။ အသိဉာဏ်ကိစ္စကို သမီး အတုခိုးချင်ရင် ခိုးလို့ ရအောင် ပြောတာ။
  4. ရည်းစားထားပြီး အဲဒီ့ရည်းစားတစ်ယောက်တည်းကိုပဲ လက်ထပ်ဖို့အထိ စိတ်ကူးတာဟာ အသိဉာဏ်မဲ့တာပဲ။ ဘဝမှာ လင်ယူသားမွေးရုံနဲ့ ကိစ္စ မပြီးဘူး။ အချစ်တွေ၊ အိမ်ထောင်ပြုတာတွေဟာ ဘဝရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်၊ ဘဝရဲ့ အဓိက အခန်းကဏ္ဍ မဟုတ်ဘူး။ အဓိကနဲ့ သာမညကို ခွဲပြီး မမြင်တတ်ရင် ချစ်တာကို ကိုးကွယ်နေလိမ့်မယ်။ အဓိကက ဘာလဲ။ လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့ အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့် ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့ သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။

ဆရာ့အဖြေတွေက သမီးအတွက် ကျေနပ်စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဆရာပြောတိုင်း သမီး လက်ခံရမယ်လို့ မပြောပါဘူး။ သမီးရဲ့ ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားကြည့်ပြီးမှ လုပ်သင့်တာ လုပ်စေချင်ပါတယ်။ နောင်ကိုလည်း စာရေးချင် ရေးနိုင်ပါတယ်။ သမီးရဲ့ချစ်သူကိစ္စကို အဖေတစ်ယောက်နေရာက ပြောရမယ်ဆိုရင် အထက်က အချက် (၁)နဲ့ (၂)ကြောင့်ပဲ  လုံးလုံး သဘောမတူဘူးဟေ့လို့ပဲ အပြတ်ပြောချင်တယ်။

တွေးဆဆင်ခြင်ကြည့်နိုင်ပါစေ
အတ္တကျော်

၃။
စောစောကပဲ တစ်ယောက် လာသွားသေးသည်။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည့်ကြားထဲက ကျွန်တော် ခံလိုက်ရသည်။     ခင်မင်ရင်းနှီးနေသူ လူငယ်လေးတစ်ဦးက ဖုန်းဆက်ကာ လာပါရစေဟု ခွင့်ပန်သည်။ သည်လူငယ်လေးက သည်လိုပဲ ကျွန်တော့်ထံ ရောက်လာတတ်သူမို့ ကျွန်တော်လည်း ဘာဘာညာညာ မစဉ်းစားတော့ဘဲ လာခဲ့ပါဟု ပြောလိုက်မိသည်။


သို့သော် သူလာသောအခါ အမျိုးသမီးတစ်ယောက် ပါလာသည်။ ထိုအမျိုးသမီး၏ အိမ်ထောင်ရေး ပြဿနာကို တိုင်ပင်ဖို့ ဟိုလူငယ်လေးက ကြားပွဲစား လုပ်လာခြင်းပင်။ ကျွန်တော် စိတ်တိုသွားပါသည်။ ထိုလူငယ်လေးကိုလည်း နောက်နောင် ထိုသို့ မလုပ်ဖို့ ပြောမိသွားရတော့သည်။
ဟိုအမျိုးသမီးကိုတော့ ရောက်လက်စနှင့်မို့ အားနာပါးနာ ဆွေးနွေးပေးလိုက်ရသည်။


ယခုတစ်လတွင် နာမည် လုံးလုံး ဖော်ပြမထားသူ မိန်းကလေးလိုပင် ညီမလေး အရွယ်တုန်းက အချစ်ကို ကိုးကွယ်မိရာမှ မမကြီးဘဝသို့ ရောက်သောအခါ ဗျာများနေသူတစ်ဦးပင် ဖြစ်သည်။ ယခု သူ့အသက်အရွယ်မှာ ၄၀။ အိမ်ထောင်သက်က ၁၈ နှစ်။ သားသမီးက သုံးယောက်။
မမက ငွေကြေး တတ်နိုင်သူမို့ သူ့ကိုယ်သူ ပြုပြုပြင်ပြင် ဆင်သထားသည့်အတွက် ကြည့်ပျော်ရှုပျော်တော့ ရှိနေပါသေးသည်။ ကလေး သုံးယောက် အမေ ဆိုပေမယ့် သူ့ကိုယ်လုံးကလည်း ပုံပျက်ပန်းပျက်မဟုတ်ပါ။ ကြည့်ရတာ လေ့ကျင့်ခန်းတွေ ဘာတွေလည်း ပုံမှန်လုပ်ထားသူပင် ဖြစ်လောက်ပါသည်။ သို့သော် ၄၀ အရွယ် မိန်းမဆိုတာကတော့ ၂၀ အရွယ် မိန်းမပျိုလေးလိုတော့ လတ်ဆတ် လန်းစိုမနေတော့သည်မှာလည်း မြင်သာလှပါသည်။

သူ့ကိုကိုက သူ့ထက် နှစ်နှစ်ကြီးသည်။ (တိုက်ဆိုင်ပုံများ) အခု အဲဒီ့ သူ့ကိုကိုက ကွယ်ရာမှာ ခြေများနေသည်။ သူ့ကိုလည်း နေ့စဉ်နှင့်အမျှ ပြဿနာ ရှာနေသည်။ အချိန်မရွေး ကွာလိုက်၊ အိမ်ပေါ်က ဆင်းသွားဟုလည်း ခြိမ်းခြောက် မောင်းမဲနေပါသည်တဲ့။

ကိုင်း…

ထိုမမလည်း ရွှေမြင့်မိုရ်တစ်တောင်လုံးကို တုံးမှတ်ပြီး ခုန်ခဲ့သူပင် ဖြစ်တော့သည်။
၎။
ကျွန်တော့်စာတွေကို ဖတ်နေသူထဲက တစ်ချို့တလေက ပြောဖူးသည်။ ရည်းစား များများ ထားဖို့ ကျွန်တော်က အားပေးနေတာကို လက်မခံနိုင်ကြောင်းပင် ဖြစ်သည်။ လက်မခံလည်း ရပါသည်။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နည်းတူအတိုင်း လူတိုင်းလည်း ကိုယ်ကြိုက်တာ ကိုယ်ယုံကြည်ပြီး လက်ခံချင်လည်း လက်ခံ၊ ငြင်းပယ်လိုက ငြင်းပယ်နိုင်ပါသည်။ ကျွန်တော်ကတော့ သဘာဝတရားနှင့် ချိန်ထိုးကာ စဉ်းစားသင့်သည်များကို ချပြခြင်းသာ ဖြစ်ပါသည်။ လက်ခံပါဟု ဘယ်သူ့ကိုမှ မတိုက်တွန်းစကောင်းပါ။

သို့သော် လက်မခံချင်သူများ တစ်ခုတော့ စဉ်းစားစေချင်ပါသည်။ ကျွန်တော့် ပြန်စာထဲတွင် ဖော်ပြထားသလို ရည်းစားသည်လည်း လူသာ ဖြစ်ပါသည်။ ကိုယ့်ရည်းစားဖြစ်သဖြင့် နတ်သိကြားဘဝသို့ အရှင်လတ်လတ် ပြောင်းမသွားနိုင်သော အချက်ပင်ဖြစ်သည်။ လူသည် လူသာဖြစ်သဖြင့် သူ့မှာ အနာအဆာတွေ၊ ကိုယ်နှင့် စရိုက်မတူတာတွေ များစွာ ရှိနေနိုင်ပါသည်။ ထိုအချက်များကို ချစ်တုန်းခဏမှာ မြင်ရဖို့ သိပ်ခက်ပါသည်။
ဘဝသည် ချစ်တာတစ်ခုတည်းနှင့် မပြီးပါ။ ဘဝမှာ ထမင်းစားတာ၊ အဝတ်ဝတ်တာ၊ အိပ်စက်အနားယူတာများလည်း ပါဝင်ပါသေးသည်။

ထမင်းရည်ကို ချစ်တုန်း ခဏ လျက်လို့ ရပါလိမ့်မည်။ သို့သော် တစ်လကျော်အထိ ဆက်တိုက် ထမင်းရည် လျက်နေရပြီဆိုပါက ထိုအချစ်က ဖွယ်တယ်တယ် ဖြစ်လာရပါတော့မည်။ ချစ်လှပါချေရဲ့ဆိုပြီး ဂုံနီအိတ်ကို ခါးပတ်ထားသည့်သူလည်း မရှိပါ။ တဲအိုပျက်မှာ နေရနေရဆိုတာလည်း သီချင်းရေးဆရာတွေက မှိုင်းတိုက်သွားခြင်းသာ ဖြစ်ပါသည်။ တကယ့်တကယ်က လူမှန်သမျှ လူတန်းစေ့နေချင်သူချည်းသာ ဖြစ်ပါသည်။

သို့သော် ချစ်တုန်းခဏ (ဝါ) မွှန်လို့ ကောင်းတုန်း ခဏမှာတော့ ဒါတွေကို အဟုတ် မှတ်တတ်သည်မှာလည်း လူတို့၏ ဓမ္မတာပါ။ ကျွန်တော်ပင် ဆယ်တန်း ကျောင်းသားဘဝက အချစ်အချစ်ဟု ကြွေးကြော်ပြီး ဆယ်တန်း ဖြေခါနီးဆဲဆဲမှာ အိမ်ပေါ်က ဆင်းကာ လမ်းပေါ်နေ၊ လမ်းပေါ်အိပ် ဘဝဖြင့် အချစ်သူရဲကောင်းကြီး လုပ်ခဲ့ဖူးပါသေးသည်။ ခုနေ ပြန်တွေးကြည့်တော့ အတော် မိုက်လုံးကြီးသော ကျွန်တော်အဖြစ် ပြန်မြင်နေမိရပါပြီ။

ဒါတောင် ကံကြီးပေလို့။ ဟိုမိန်းမက ကျွန်တော့်ထက် အသက်ကြီးသလို ကျွန်တော့်ထက် ရည်းစားလည်းများသည်။ (နောက် နှစ်ပေါင်း အတော်ကြာမှ သိရတာ။ ကျွန်တော်တို့ လည်ပုံ ပြောပါတယ်။) သည်တော့ သူက ကျွန်တော် မွှန်သလို မမွှန်ဘဲ သူ့အိမ်ထောင်ရေးကို သူ့ဦးနှောက်နှင့် ရွေးချယ်သွားပေလို့။ အဲတုန်းက ကျွန်တော့်လိုပဲ၊ သူကလည်း မနူးမနပ်နှင့် အချစ်ကို အဟုတ်မှတ်ကာ ကျွန်တော် မိုက်သလို ကူမိုက်ခဲ့ပါက အံမယ်မင်း… သူ့ဘဝရော၊ ကျွန်တော့် ဘဝပါ မတွေးရဲစရာခင်ဗျ။


အခု သင်းဘဝ ဘာဖြစ်နေသနည်း။ ချမ်းမြေ့ပျော်ရွှင်သောအိမ်ထောင်ရေးမှာ စိုစိုပြည်ပြည်နှင့် ရွှေဘုံပေါ်မှာ စံနေပါသည်။ ကျွန်တော့်ဘဝလည်း ရွှေဘုံပေါ်မှာ မဟုတ်သည့်တိုင် လူတန်းစေ့တော့ မပူမပင် မတောင့်မတ မကြောင့်မကြနေရပါသည်။ မိသားစုဘဝလည်း သာယာအေးချမ်းလို့ နေပါသည်။


နောက်တစ်ချက်မှာ ထိုမိန်းမကလည်း သူ့ထက် အသက် တော်တော် ကြီးသော ယောကျာ်းကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သလို ကျွန်တော် အိမ်ထောင်ပြုတော့လည်း ကျွန်တော့်ထက် အသက် တော်တော် ငယ်သူကို (ရွှေဦးနှောက်ကြီးနှင့် ကျကျနနကြီးကို) ရွေးချယ်ခဲ့ခြင်းဖြစ်ပြန်သည်တမုံ့။

၅။
ဗေဒင်မေးလျှင် ပိုက်ဆံကုန်ပါသည်။ ရွယ်တူချင်းတွေ၊ အသက်ချင်း မတိမ်းမယိမ်းတွေ ယူထားကြသော အိမ်ထောင်တစ်ရာမှ မိန်းမသား ၇၀ ရာခိုင်နှုန်းကျော်ကတော့ သူတို့ အိမ်က နွားအိုကြီးများ မြက်နုကို ပြောင်ပြောင် တစ်မျိုး၊ တိတ်တိတ်တစ်သွယ်၊ ဝယ်ကြိတ်တာက ပါသေး ဆိုတာများနှင့်သာ ကြုံရစမြဲ ဖြစ်သည်မှာတော့ မလွဲပါ။

သိက္ခာအပြည့်နှင့် မိသားစုကြားတွင် တကယ့် အိမ်ထောင်ဦးစီး၊ ဧရာမ ကျေးဇူးရှင်ကြီးများအဖြစ် ဟိတ်တစ်လုံး ဟန်တစ်လုံး လုပ်နေကြသော ကိုကိုတွေလည်း အိမ်က ကြက်မကြီး မသိအောင် လစ်လျှင် လစ်သလို ဇာတ်ရှုပ်နေတတ်ကြသည်များမှာလည်း ဟုတ်ကဲ့… ကျွန်တော်တို့ ကျားလောကမှာ လုံးဝ မဆန်းပါခင်ဗျား။

မယုံလျှင် နှစ်သက်ရာ ကာရာအိုကေဆိုင် တစ်ဆိုင်ဆိုင်ကို ဝင်သွားကြည့်ပါ။  လူပျိုလူရွယ်လေးများကို အင်မတန်မှ တွေ့ရခဲပါသည်။ ကြည့်လိုက်လျှင်  အောက်သွား မရှိဖြစ်နေသူ အများစုမှာ နွားပြာ အလတ်စားတွေ၊ နွားပြာ အကြီးစားတွေသာ ဖြစ်နေသည်ကို မြင်ရတန်ကောင်းပါသည်။ သည့်ထက် ထဲထဲဝင်ဝင် လေ့လာကြည့်မည်ဆိုလျှင် ထိုနွားပြာများ၏ အိမ်က မမများမှာလည်း သူတို့နှင့် အသက်ချင်း သိပ်မကွာသူများသာ ဖြစ်နေလေမည်မှာလည်း ဧကန်မလွဲပါ။

သည်တော့လည်း ဟိုကလေးမထံ ပြန်သော ကျွန်တော့်စာက အများကြီး စဉ်းစားစရာ ကောင်းနေလိမ့်မည်ဟု ယုံကြည်ပါသည်။

၆။
နောက်ဆုံးတစ်ချက်ကလည်း ထိုပြန်စာထဲမှာ ကျွန်တော့်အယူအဆကို ချိန်ဆကြရန်ပင် ဖြစ်သည်။

ကျွန်တော့်ပြန်စာထဲတွင် သည်လိုရေးထားပါသည်။

လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့်ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။

စာဖတ်သူလူကြီးမင်းအပေါင်းတွင် ဆင်ခြင်ဉာဏ်များ ရှိနှင့်ပြီးသား ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အဆိုပါ ကျွန်တော့်အဆိုအား လက်ခံသင့်၊ လက်မခံသင့်ကို မိမိတို့ဘာသာ ချိန်ဆကြည့်တော်မူကြပါကုန်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၆၀၂၀၇

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

23 thoughts on “Excerpts from ATK’s Newly Published Book”

  1. ကိုအတ္တကျော်ခင်ဗျား..
    ကျွန်တော့်အနေနဲ့မိန်းခလေးတွေအနေနဲ့ကိုယ်ထက်အသက်များများကြီးတဲ့သူကိုပိုစဉ်းစားသင့်တယ်ဆိုတာကို သိပ်ဘဝင်မကျပါ..
    အရေးကြီးတာ..အချစ်အပြင်နားလည်မှု့ပါ..အသက်ကြီးကြီး ငယ်ငယ် အသစ်ရှာသူကရှာမှာပါပဲ..မိန်းမလည်းရှာနိုင်တာပါပဲ..

    ကျွန်တော့်အယူအဆကတော့ အကိုပြောသလိုပါပဲ
    “လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့်ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။”

    ညီမတွေကိုသိစေချင်တာက ဘဝရပ်တည်မှု့ နဲ့ အချစ်ကတခြားစီပါ..

    ကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာ သားကြီးသမီးကြီးတွေရှိပြီးမှ ငယ်ငယ်မိန်းခလေးတွေယူ မိန်းမဖြစ်တဲ့သူကမှီခိုသူဆိုတော့ ပြန်မပြောရဲ နေ့တိုင်းစိတ်ဆင်းရဲမျက်ရည်ကျ..စိတ်ဆင်းရဲဖို့ကောင်းပါတယ်..အဲဒါ အသက်ကွာဟမှု့ကြောင့်ချည်းပဲကြောင့်လို့ကျွန်တော် မယူဆပါ..ကျွန်တောငယ်ငယ်က အဖေနဲအမေ လမ်းခွဲတော့ဘဝမှာ အနာမရခဲ့တာ..ပညာတတ်..ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်တဲ့ အမေကြောင့်ပါ..

    ကိုယ်ကိုကိုယ်သာပြင်ဆင်ထားရင်..တဖက်ကလည်းလေးလေးစားစားဆက်ဆံပါလိမ့်မယ်..ကျွန်တော်
    အိမ်ထောင်ဖက်ကကျွန်တော့်ထက်လေးနှစ်ကြီးပါတယ်..ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့
    ထက်မြက်တဲ့မိန်းမတယောက်ပါ..
    အငြင်းပွားမှု့ဆိုတာ အိမ်ထောင်တိုင်းကြုံရတာပါ..အခုနေလမ်းခွဲရင်တောင် ကျွန်တော်လိုပဲ သူ..ကိုယ်ကိုကိုယ်ကောင်းစွာရပ်တည်နိုင်ယုံမက သားသမီးတွေကိုကြည်ရှု့နိုင်မှာသေချာပါတယ်..

    နားနဲ့မနာ ဖဝါးနဲ့နာပါခင်ဗျာ..
    တကယ်တမ်း အသက်ကြီးသွားလို့ ပုံတုံးသွားလို့ ယောက်ကျားတွေအသစ်အနု ရှာတယ်ဆိုတာ ရီစရာကြီးပါ..
    အဲဒီလူတွေမေးကြည့်ကိုယ့်မိန်းမစိတ်ကျေနပ်အောင်ဘယ်နှစ်ယောက်များစွမ်းဆောင်နိုင်ပါသလဲ?
    Surveyတွေကြည့်ရင်သိသာနိုင်ပါတယ်..ဆိုလိုချင်တာ ပြောချင်းပြောရင်မိန်းမတွေကပိုပြောသင့်ပါတယ်..
    ကျွန်တော်က အရွယ်ကောင်းစဉ်ကတည်းက နိုင်ငံရပ်ခြားရောက်ခဲ့တော့ အကို့လိုပဲ Race ပေါင်းစုံရည်းစား
    အများကြီးတွဲဖူးခဲ့ပါတယ်..ဘာသွားတွေ့သလဲဆိုတော့..ရည်းစားနဲ့အိမ်ထောင်ဖက်ကတခြားစီပါ..ကျွန်တော်အနေနဲ့ မိန်းခလေးမှာလည်း ယောက်ကျားလေးတွေ ရည်းစားပြောင်းထားနိုင်သလို အခွင့်အရေးရှိသင့်ပါတယ်..(မြန်မာပြည်မှာလည်း ခေတ်အောက်တဲ့အမြင်တွေထားခဲ့သင့်ပါပြီ)
    အိမ်ထောင်တခုသာယာတယ်ဆိုတာ..အချက်အလက်တွေအများကြီးနဲ့ဆိုင်ပါတယ်..ဘာမှမသိပဲချစ်ပါတယ်ဆို
    ပြီးအိမ်ထောင်ပြုပါပြီတဲ့..ကိုယ့်ဆရာက အိပ်ယာထဲသုံးမရတဲ့သူဆို သွားပြီ..ဆိုလိုတာက..ရည်းစားထားပါ..မကြိုက်တဲ့အချက်အလက်တွေ့ရင် နောက်တယောက်ပြောင်းပါ..

    တခါတလေ ကျွန်တော့်သူငယ်ချင်းမိန်းခလေးတွေအတင်းပြောတာကြားဖူးတယ်..အဲ့ဒီမိန်းမပေါ့အပျိုဘဝကရည်းစား
    အများကြီးပဲ..သိပ်ရှုပ်တာ..အခုတော့ကောင်းစားနေတယ်..ယောက်ကျားကောင်းကောင်းရထားတယ်..
    ဘာညာနဲ့…
    သူတို့မသိတာက အဲဒီမိန်းမက သူလိုချင်တာကိုရအောင်ရှာယူလို့ကောင်းကောင်းမွန်မွန်ဖြစ်တယ်ဆိုတာပဲ..
    မဟုတ်ရင် တယောက်ထဲတွေ့..ပြီးအိမ်ထောင်ပြုဆိုရင်..ထီထိုးသလိုပဲ မပေါက်ဖို့ chance များပါတယ်..

    အနှစ်ချုပ်ကတော့
    ညီမငယ်များ…
    – ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားပါ..
    – အိမ်ထောင်ဖက်ရွေးရင်စိတ်ကြိုက် ရွေးယူပါ..
    – Love, money, career, sex, understanding..အချက်အလက်အကုန်ထည့်တွက်ပါ..
    (Of course, please bear in mind that there is no perfect 100 %.)
    – အသက်အများကြီးကိုယ့်ထက်ကြီးဖို့မလိုပါ…

    Sincerely,

    ကိုကြီးသာ

    1. ဆရာကိုကြီးသာ ခင်ဗျား။
      အလွန်တစ်ထောင်မှ ရှည်လျားလှစွာသော ဆရာကိုကြီးသာရဲ့ ကွန်မန့်ကို approve လုပ်လိုက်ပါတယ်။ But that does not necessarily mean I agree with your comment, my dear. တစ်ခုပဲ ပြန်မေးချင်ပါတယ် ဆရာကိုကြီးသာ။ ဆရာ့ အသက်ကိုပါ။ တကယ်လို့ ဆရာ ၄၅ မကျော်သေးဘူးဆိုရင် ဆရာ ၅၀ လောက် ရောက်မှ ဆရာ့ကွန်မန့်ရဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့အတွက် သည်ကွန်မန့်ကို soft copy ရော၊ hard copy ပါ သိမ်းဆည်းထားပေးပါလားလို့ ပန်ကြားချင်တာပါပဲခင်ဗျာ။
      sincerely (ရိုးဖြောင့်တည်ကြည်စွာ)
      အတ္တကျော်

  2. ဆရာအတ္တကျော်ခင်ဗျား..

    ကျွန်တော့်ရဲ့ အလွန်တစ်ထောင်ရှည်လျားမိတဲ့ ကွန်မန့်ကို စာပေစီစစ်ရေးအထိတင်စရာမလိုပဲ approved လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းအရင်ပြောပါရစေ..ကျွန်တော့်ရဲ့လျှာရှည်တတ်တဲ့အကျင့်ကဘယ်
    တော့မှပျောက်မှာလဲမသိပါ..:) ကျွန်တော့်အသက်က ၄၀ စွန်းစွန်းအရွယ်ပါ..
    ၅၀ တော့မပြည့်သေးဘူးပြောလို့ရပါတယ်..(Secret)
    ပုံစံကြည့်ရတာ..ကျွန်တော့်အပြောက ၅၀ကျော် ကျွန်တော့် အကိုတွေကို မစွမ်းတော့ဘူးလို့ပြောရာရောက်သွား သလားမသိပါဘူး..အဲဒီလိုဆိုလိုချင်တာမဟုတ်ပါခင်ဗျာ..:)

    “ကိုယ့်ထက် နှစ်နှစ်ပဲ ကြီးတဲ့သူကို မရွေးချယ်သင့်ဘူး။ ကိုယ့်အသက် ၅၀ မှာ သူ့အသက်က ၅၂ နှစ်ပဲ ရှိဦးမှာကို စဉ်းစားပါ။ ၅၀ အရွယ် မိန်းမဟာ သွေးဆုံးနေပြီ၊ ကလေးတွေ မွေးထားလို့ ပုံပျက်နေပြီ။ ၅၂ နှစ် အရွယ် ယောက်ျားတစ်ယောက်ဟာ ၅၀ အရွယ် မိန်းမ တစ်ယောက်ကို ဘယ်လို နည်းနဲ့မှ ဖီလင်မလာတော့ဘူး။ အဲဒါကို အပြည့်အဝ ယုံပါ။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ထက်ငယ်တဲ့သူ၊ ကိုယ်နဲ့ မတိမ်းမယိမ်း၊ ကိုယ့် ထက် သုံး-လေးနှစ်လောက်သာ ကြီးသူများကို အိမ်ထောင်ဖက်အဖြစ် လုံးဝ မစဉ်းစားသင့်ဘူး။ အနည်းဆုံး ကိုယ့်ထက် ခုနစ်နှစ် ရှစ်နှစ်ကြီးတဲ့သူကို ရွေးရပါမယ်။ ဖြစ်နိုင်ရင် သည့်ထက်တောင် အသက် ကွာသင့်သေးတယ်။ အဲဒါမှသာ တစ်ဘဝလုံး စိတ်ချမ်းသာရမှာပါ။ ဒါလည်း ခြွင်းချက် မရှိဘူး။”

    ကျွန်တော်စဉ်းစားကြည့်တာက..အသက်၅၀ မိန်းမတွေဖက်ကပြောရင်..ခြစ်တိုင်းချက်ချင်း မီးမတောက်တော့တဲ့မီးခြစ်..နှိုးတိုင်းချက်ချင်းမနှိုးတော့တဲ့ ကားအိုကြီးတွေကိုဖီလင်လာမယ်မထင်ပါ..
    အဲဒါကြောင့်နည်းနည်းလေးတော့ခြွင်းချက်ထားပေးပါခင်ဗျာ..၇နှစ် ၁၀ နှစ်လောက်တော့မလုပ်လိုက်ပါနဲ့..
    သူမသာ ကိုယ်မသာလေးပေါ့:)
    Respectfully,
    ကိုကြီးသာ..

    1. ကိုကြီးကျော် ခင်ဗျာ။ အပေါ်က နောင်ကြီး ကိုကြီးသာရဲ့ ခေါမဲန့်ကို အားအားယားယား အခုမှဝင်ဖတ်မိ ရင်း တွေ့တာနဲ့ မပြောပဲ မနေနိုင်လို့ အခုလိုဝင်ပြီး အာချောင်လိုက်ပါတယ်။နောင်ကြီးသာရေ မငြင်းနဲ့ဗျ။ ကိုကြီးကျော်က စနစ်တကျနဲ့သုတေသနပြုထားပုံရတယ်။အောင်မောင်းကိုယ်တိုင် ကိုကြီးကျော်ပြောတဲ့ ငါးဆယ်တန်းဆိုတော့ အသက်အရွယ်ကွာခြားမှုနဲ့ပတ်သက်ပြီး ကိုကြီးကျော်ရဲ့အမြင်ကို ပိုပြီးထောက်ခံပါ တယ်။ငါးဆယ်တန်းအရွယ်မှာစိမ်းစိမ်စိုစိုကလေးတွေ မြင်လိုက်ရင်(မထိမိအောင်တော့ စောင့်ထိန်းရတာပေါ့ဗျာ။) ဒိုင်းကနဲ ဒိန်းကနဲပါပဲ။ သက်တူရွယ်တူငယ်ချစ်ကိုယူထားမိသူဆိုတော့ ချစ်တာတွေ သစ္စာတွေ မေတ္တာတွေတော့ရှိတာပေါ့ဗျာ။ သို့သော်။အဲဒီသို့သော်က အရေးကြီးပါပြီ။ အိမ်ကကျောင်းအမကြီးက အာသဝေါကုန်စပြုနေ (ကုန်စပြု မဟုတ်ဘူး၊ဒီအရွယ်မှာ ဒီနိုင်ငံက အမျိုးသမီးတွေက စိတ်ကိုမရှိတော့တာထင်ပါရဲ့)ချိန်မှာဒိုင်းကနဲဒိန်းကနဲ အောင်မောင်းခမြာမှာ သနားစရာ(ဖဝါးနဲ့နာဗျို့) အမေမွေးထားတဲ့ လက်ငါးချောင်းနဲ့ပဲ။ အဟင့်ငိုချလိုက်ချင်ပါဘိ။

  3. It, by no means, is an offense.
    But did you mean physical bonding is more important than emotional bonding among couples in maintaining a healthy relationship?
    When a woman is no longer sexually attractive to her husband, he tends to seek the pleasure outside.
    But I guess that’s nothing to do with age, (I may be wrong). Even a wife who’s younger than the husband, could be unattractive anytime.

    Sorry, I can’t really well-phrase my thoughts at the moment.
    My point is ခြံခုန်တဲ့နွားက ခုန်ကိုခုန်မှာပဲ မဟုတ်ဘူးလား။

    1. Emotional bonding is, of course, important for both men and women. However men are entirely different from women and most men, if not all, believe that having a short-term extra marital affair, or popping up at a brothel, would not be detrimental to their marriage, or in other words, it would not hurt their lawfully wedded wives. We, including myself, strongly believe that what our organs enjoy has nothing to do with our hearts. That attitude is very controversial for most women who are prone to be possessive and hence they usually cry over spilt milk.

      1. So could you please explain further – how you relate this ‘marrying to an older man is a right choice for a girl’ statement to ‘what our organs enjoy has nothing to do with our hearts’.
        A man who has got married to a younger woman may as well say the same thing “what our organs enjoy has nothing to do with our hearts’.

        Therefore, I assume (pls note that it is just an assumption) Marriage has nothing to do with age because 70 percent of the married men commit adultery regardless of the age of their wives because they believe that what their organs enjoy has nothing to do with their heart.

    2. Well, an older man married to a younger woman may have his organic desires fulfilled to a certain extent, compared to the one married to an older woman or a woman of similar ages. It’s a simple logic. Let’s make a rough comparison: when the latter has 10 extra marital affairs, it is more likely for the former to have 5. Less affairs in men, less tears in women. That’s how it relates.

    3. Mr smms ခင်ဗျား။တစ်ချို့အချက်အလက်တွေမှာ ခင်ဗျားနဲ့ကျွန်တော် သဘောထားချင်းတူပါတယ်။ သစ္စာတွေ မေတ္တာတွေစောင့်ထိန်းတာတွေကို ထည့်မတွက်ဘူး၊အလေးမမူဘူးဆိုရင်တော့ “physical bonding is more important than emotional bonding “ပေါ့ဗျာ။ အဲဒါတွေကို အလေးမူတဲ့သူ ဆိုရင်တော့” the latter is more important than the former one” လို့ပြောရမယ်ထင်ပါရဲ့။ ကျွန်တော်ပုဂ္ဂလိက အမြင်ကိုပြောတာပါ။ ကိုကြီးကျော်ကလည်း အများစုကိုပြောတာပါ။ချွင်းချက်တွေ ရှိကောင်းရှိနိုင်တယ်ဆိုတာကို လွတ်လပ်စွာယုံကြည်ခွင့်ရှိသူတစ်ယောက်အနေနဲ့သူယုံချင်မှယုံမှာလေ။

  4. ကျနော် လေးစားရပါသော ဆရာအတ္တကျော်ခင်ဗျား
    ဆရာ့ရဲ့ စာတွေ လာဖတ်သွားပါတယ်ခင်ဗျ။ ဆရာရဲ့ စာတွေကို ဖတ်ဖို့ ကျနော့်သူငယ်ချင်းတွေကိုလည်း ကျနော် အမြဲတမ်း လမ်းညွှန်ပေးပါတယ်။ ဆရာရေးတဲ့ စာတွေတိုင်းက အမြဲတမ်း အဓိပ္ပါယ် ပြည့်စုံနေပြီး အထူးသဖြင့် အမျိုးသမီးတွေကို လမ်းမှား မရောက်အောင်၊ မိမိကိုယ်ကို ထိန်းသိမ်းတတ်အောင် ပြုလုပ်ပေးချင်တဲ့ ဆရာ့ရဲ့ စေတနာကို အရမ်းလေးစားပါတယ်ခင်ဗျာ။
    ဆရာ ဒီထက်မက အောင်မြင် ပျော်ရွှင်ပါစေခင်ဗျာ။
    လေးစားလျက်
    ဆရာ့ရဲ့ စာဖတ်ပရိတ်သတ်

  5. တော်တော်ခြောက်ခြားစရာကောင်းလှပါလား။ ကဲ.. ဆရာရေ.. ဆရာပြောသလိုမဟုတ်ဘဲ.သက်တူရွယ်တူကိုအိမ်ထောင်ဘက် အဖြစ်ရွေးချယ်လိုက်မိတဲ့ အမျိုးသမီးထုကြီးကဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲရှင့်။

    1. သိပ်မေးထိုက်တဲ့ မေးခွန်းကို မေးလှာတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      သက်တူရွယ်တူကို အိမ်ထောင်ဖက်အဖြစ် ရွေးမိသူများအပါအ၀င် ခြေများတတ်တဲ့ ကိုကိုတွေနဲ့ ပေါင်းဖက်နေကြသူများအနေနဲ့…

      (၁) သဘောထားကြီးဖို့ လိုပါလိမ့်မယ်။ အလွယ်ဆုံး နမူနာ ပြောရရင် တစ်ခါတလေ အပြင်ထွက်ပြီး သူ့အပေါင်းအသင်းတွေနဲ့ ဆိုင်မှာ ညစာ သွားစားတာမို့ ကိုယ်ချက်ထားတဲ့ ထမင်းကို မစားဖြစ်တာမျိုးဟာ ကိုယ့်အပေါ် သစ္စာမဲ့ရာ မရောက်ဘူးလို့ အလွယ်တွေးသလိုပဲ သူ့ဟာသူ ကွယ်ရာမှာ ခြေများတာကိုလည်း အဲလိုပဲ တွေးတတ်ဖို့ လိုပါတယ်။

      (၂) တကယ်လို့ အဲဒီ့ထဲကမှ နောက်တစ်အိုးတစ်အိမ်ထူထောင်မယ့်အထိ ကဲတက်လာနေတယ်ဆိုရင်လည်း ကိုယ့်ဘက်က မထိတ်ပျာမိပါစေနဲ့။ သိပ်မွှန်နေချိန်မှာ ကိုယ်မကလို့ သိကြားမင်းကြီး ဆင်းတားတောင် မရပါဘူး။ သည်တော့ သိပ်ကဲနေရင် သူ့အရှိန်နဲ့သူ အသာလေး လွှတ်ပေးထားရပါမယ်။ အရှိန်ကုန်ရင် သူ့ဘာသာ ရပ်သွားမှာကို နားလည်ပြီး ကိုယ့်ဘက်က ဂျီမကျမိဖို့ လိုပါတယ်။ ကိုယ်က ဂျီကျမိရင် ဟိုတစ်ဖက်ကို အတင်းတွန်းပို့ရာ ရောက်သွား တတ်ပါတယ်။ သည်နေရာမှာ ညင်ညင်သာသာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ အကောင်းဆုံးက အဲလိုအခြေအနေမျိုးနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သူ့ရဲ့ ဇနီး မယားဘ၀နေရာမှာ မနေတော့ဘဲ သူငယ်ချင်းကောင်းတစ်ယောက်နေရကနေ လိုက်လိုက်လျောလျော ဖေးဖေးမမနေပေးတတ်မယ်ဆိုရင် မောင်မင်းကြီးသားများရဲ့ emotional bonding ကို မျှော်လင့်နိုင်သေးကြောင်းပါခင်ဗျား။

      နောက်များမှ ဒါကို အသေးစိတ် သတ်သတ်ရေးပါ့မယ်။ လောလောဆယ်တော့ သည်မျှနဲ့သာ ကျေနပ်ပါရန် မေတ္တာရပ်ခံလိုက်ပါတယ် ခင်ဗျား။

  6. ကျေးဇူးအထူးတင်ပါတယ်ရှင့်..နောက်များမှလာမယ့်အသေးစိတ်ကိုလည်း စောင့်မျှော်နေပါမယ်ရှင်..

  7. ဆရာပြောတဲ့ ဘဝကို မကြုံဖူးသူတွေ ဘာတွေပဲ ပြောပြော၊ ဘယ်လိုပဲ မြင်မြင်၊ ကျွန်မကတော့ ဆရာ ရေးတဲ့စာအပေါ် အပြည့်အဝ ထောက်ခံပါတယ်။ ခုလောလောဆယ်တော့ ဒီလောက်ပါပဲ။ နောက်မှ ကျွန်မအတွေ့ အကြုံကို ရေးဖြစ်ပါဦးမယ်။

    လေးစားလျက်

  8. ဒါဆိုရင်… လမ်းဆုံးသွားတဲ့အထိ လမ်းဆက်မလျှောက်နိုင်တော့တဲ့အထိ တွေ့သမျှသစ်ပင်တွေက ပထမဆုံးတွေ့ခဲ့တဲ့သစ်ပင်လောက်၊ အရိပ်လည်းမကောင်း၊ စိမ်းလည်းမစိမ်း၊ အသီးလည်းမသီး၊ အပွင့်လည်းမပွင့်ဆိုရင်ရော…………….

  9. ကျနော်သာဆိုရင် အဲ့ဒီသမီးလေးရဲ့စာကို ဒီလိုပြန်ဖြစ်မယ်ထင်တယ်…..

    သမီးလေး မဟ၀ှာရေ….

    သမီးမိဘတွေနဲ့သူ့ကို မိတ်ဆက်ပေးသင့်ပါတယ်….။ သမီးတို့ ချစ်သူသက်တမ်း တစ်နှစ်ကျော်ပြီဆိုတော့ အနည်းအကျဉ်းတီးမိခေါက်မိရှိပြီးသားဖြစ်ပြီပေါ့….. နောက် သုံးနှစ်နေမှ လက်ထပ်မှာဆိုတော့ နောက်ထပ်သုံးနှစ် သူ့အပေါ် လေ့လာခွင့်ရှိသေးတာပဲမဟုတ်ပေဘူးလား? တကယ်တော့ ယောက်ျားဆိုတိုင်း အရမ်းကြောက်စရာကောင်းတဲ့သတ္တ၀ါတော့မဟုတ်ပါဘူး….. လောကကြီးမှာဆိုးတဲ့ယောက်ျားတွေများတာတော့ အမှန်ပါပဲ…. သို့ပေမယ့် ရှားရှားပါးပါး ကောင်းတဲ့ယောက်ျားတွေလည်း ကံကောင်းစွာနဲ့ တွေ့မြင်နိုင်ပါတယ်…. အဲ့ဒီ ရှားရှားပါးပါးကောင်းမွန်တဲ့ယောက်ျားကို သံသယကြီးစွာနဲ့ ကြည့်မိမယ်…. ကြည့်နေမယ်။ တွေးတောပူပင်ပြီး ကြောက်နေမယ်ဆိုရင်တော့ အကျိုးဆက်မကောင်းနိုင်ဘူးဖြစ်ပေလိမ့်မယ်…။ ပူပန်နေတာ…. တွေးကြောက်နေတာတွေက အကုသိုလ်စိတ်တွေပဲလို့ အစ်ကို့အနေနဲ့ထင်ပါတယ်……။ ဆိုးတဲ့ယောက်ျားကလည်း အမြဲတစေ မဆိုးသလို….. ကောင်းတဲ့ယောက်ျားကလည်း အမြဲတစေ ကောင်းရိုးဓမ္မာတာမရှိပါဘူး….. ဒါကြောင့် ကိုယ့်နဲ့မပတ်သက်ခင်က လိမ္မာတဲ့ယောက်ျားကို ကိုယ်နဲ့ပေါင်းဖက်ပြီးတော့လည်း ဆက်လက်လိမ္မာအောင် ပဲ့ကိုင်ထိန်းကြောင်းတတ်မှုက သမီးအပေါ်မှာလည်း တည်မှီနေပါတယ်။ သမီးလေး မဟ၀ှာရဲ့ ဘ၀ခရီးလမ်း သာယာဖြောင့်ဖြူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်….. 🙂

    အဲ့ဒီသမီးလေး မဟ၀ှာလည်း သူ့စာထဲကအတိုင်း နောက်သုံးနှစ်နေရင် အိမ်ထောင်ပြုမယ်စဉ်းစားထားသလို သူ့စာထဲက ကောင်လေးနဲ့အိမ်ထောင်ပဲကျနေပြီလား? ဆရာ့စာထဲက ဆရာ့အာဘော်ကိုသဘောကျပြီး ရည်းစားတွေ ထည်လဲတွဲနေပြီး တွဲလို့မ၀သေးလို့ အိမ်ထောင်မပြုသေးပဲနေနေသလား? ဒါမှမဟုတ်….. ခေါင်းခေါက်ရွေးရင်းနဲ့ ခေါင်းခေါက်တဲ့အရသာကိုများကြိုက်နှစ်သက်နေမလား? ဒါမှမဟုတ် အကြိုက်ပဲတွေ့သွားပြီလား? လို့ ကျနော့်အနေနဲ့တွေးနေမိတယ်ဗျာ။။။။။။ 🙂

    [ )—– တစ်ယောက်တည်းကို ချစ်ဖူးပြီး အဲဒီ့တစ်ယောက်တည်းကိုပဲ တစ်သက်တာ လက်တွဲဖို့ စဉ်းစားတဲ့သူလောက် သည်လောကမှာ ဆင်ခြင်ဉာဏ် ကင်းမဲ့သူ ရှိမှာ မဟုတ်ဘူးလို့ ဆရာကတော့ ယူဆပါတယ်။ —–( ]

    တစ်ယောက်တည်းကို ချစ်ဖူးပြီး အဲဒီ့တစ်ယောက်တည်းကိုပဲ တစ်သက်တာ လက်တွဲဖြစ်ခဲ့တယ်ဆိုရင် ဘ၀ခရီးကလည်း အေးချမ်းခဲ့မယ်ဆိုရင် ပျော်ရွှင်စရာတော်တော်ကောင်းတဲ့ လူဖြစ်ခြင်းလို့ ကျနော့်အနေနဲ့မြင်မိပါတယ်ခင်ဗျာ။

    အဟီးးးးးးးးးးး…..(စိတ်ညစ်လို့ထွက်သည့်အသံ) ဆက်မရေးချင်တော့ဘူးဗျာ….. ရေးစရာတွေ အများကြီးပဲ 😦 ရေးရမှာပျင်းလို့…… ရှင်းလင်းချက်ရေးဖို့အတွက် တွေးရတာ အတွေးတွေချာလပတ်ရမ်းနေတယ်….. ဒီမှာပဲ ရပ်လိုက်ပါတော့မယ်ဆရာ…..

    ဒီမှာပဲ ရပ်လိုက်ပါတော့မယ်ဆိုတော့ ဆရာ ပြုံးများသွားမလားပဲ….. ဒါမှမဟုတ် မဲ့များသွားမလားပဲ 🙂 ဟဲ… ဟဲ…. ဆရာပြုံးနေပြီ…..
    (တကယ်တော့ ဘာမှ ပြုံးစရာမရှိဘူးကွလို့ စိတ်ထဲက ပြောနေပြီနဲ့တူတယ်) 🙂

    (ကြောင်တောင်တောင်နဲ့ ဘာတွေ ပြောနေလဲလို့တော့ မပြောလိုက်ပါနဲ့ဆရာရယ်) 🙂

    ပျော်ရွှင်နိုင်ပါစေခင်ဗျာ….
    ကိုမြင့်မြတ်

  10. ဆရာ ရယ် သမီး ချစ် သူ ကတော့ 5နှစ်ကြီးတယ် သမီး ထက် ။ ဒီလောက် ဆို မဆိုးလောက် ဘူး မလား ။ အသက် ကိုပြောတာပါ ။

    1. အင်း… မဆိုးဘူးလို့ ပြောရပေမယ့် သိပ်အတော်ကြီးတော့ မဟုတ်သေးဘူးလို့လည်း ပြောချင်ပါတယ်။

      သည့်ထက် အရေးကြီးတာက ကိုယ်က သိပ်ချစ်နေချိန်မှာ လက်ထပ်ဖို့ မဆုံးဖြတ်စေချင်တာပါပဲ။ အိမ်ထောင်ဖက်အဖြစ် စဉ်းစားရာမှာ ဦးနှောက်နဲ့ ဘက်ပေါင်းစုံက ကျကျနန စဉ်းစားနိုင်လေ ဘ၀အတွက် စိတ်အေးရလေပဲ။ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဘာကိုပဲ စဉ်းစားစဉ်းစား အခု တစ်ခဏအတွက် မစဉ်းစားပါနဲ့၊ တစ်ဘ၀စာ စဉ်းစားစေချင်ပါတယ်။ နောက် ငါးနှစ်မှာ ဘာဖြစ်မလဲ၊ နောက် ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ အထိ တွက်ချက် ချိန်ဆနိုင်မှ ဘ၀မှာ သာသာယာယာနေရမှာကို မမေ့စေချင်ဘူး။

  11. ကျေးဇူး တင်ပါတယ်ဆရာ ။အခုလို အသေးစိတ် ဖြေကြားပေးတဲ့အတွက် ပါ ။။

  12. ဆရာ့ရဲ့ 29 Jan က comment ထဲက စာကို ဆက်ရေးဖြစ်နေပြီလား… သမီးလည်း အရမ်းသိချင်နေပါပြီ..

  13. ယောကျာ်း တရားဝင် ယူခါနီး ဒြါ ကီး လာဖတ် မိပြန် ပြီ 😒

Leave a comment