မနေ့ညက ၁၀ နာရီ ထိုးလုနီးမှ စာအုပ်မျက်နှာစာမှာ တက်လာတဲ့ ဓာတ်ပုံလေးတွေ မြင်မိတော့ ကိုယ်တိုင် သွားကြည့်ချင်စိတ်က ပေါက်လာတယ်။ ကျွန်တော်တို့ဆိုင်က ဝန်ထမ်းလေးတွေကလည်း မြစ်ဝကျွန်းပေါ်က ကရင်လေးတွေ၊ ခရစ်ယာန်ဘာသာဝင်လေးတွေ။ သူတို့လေးတွေ ရန်ကုန်ကို ရောက်ဖူးတာ မဟုတ်ဘူး။ ဒါနဲ့ ကလေးတွေလည်း လိုက်ပြရင်း၊ ကျွန်တော်လည်း တပတ် ပတ်ကြည့်မယ်ဆိုပြီး ထွက်ချလာလိုက်ပါတယ်။
ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ ကျောင်းနာမည် ကျွန်တော် သတိမထားမိတဲ့ အယ်(န်)ဂလစ်ခယ်(န်) [ခရစ်ယာန် ဂိုဏ်းခွဲတခု – အင်္ဂလန်၏ အသင်းတော်လို့လည်း ခေါ်ကြပါတယ်] ရဲ့ ဘုရားရှိခိုးကျောင်းကြီး ရှိတယ်။ စာအုပ်မျက်နှာစာမှာ မြင်ထားတဲ့ ပုံတွေအရ အဲဒီ့က စလောက်တယ်လို့ မှန်းမိပါတယ်။
မြို့ထဲကို အဲဒီ့ဘက်က စ ဝင်လိုက်ပါတယ်။ ထင်တဲ့အတိုင်းပဲ အဲဒီ့ ဘုရားကျောင်း ဝန်းကျင်မှာ ကြိတ်ကြိတ်တိုး စည်ကားနေတယ်။ လမ်းတခုလုံးကိုလည်း မီးရောင်စုံတွေ ထွန်းထားတယ်။ ပရိသတ်ကတော့ ခရစ်ယာန်တွေချည်း မဟုတ်ဘူး။ ခေါင်းမြီးခြုံထားတဲ့ လှတပတလေးတွေတောင် မြင်ခဲ့ရသေး။ ၂၇ လမ်းကနေ ၃၂ လမ်းအထိက မဂိုလမ်းလို့ တချိန်က ခေါ်ခဲ့တဲ့ လမ်းပါ ပါရှိရာ ရပ်ကွက်ကြီးဖြစ်လေတဲ့အတိုင်း ဘာဘူတွေ၊ မာမူတွေ၊ ခါလာတွေ၊ ဘေတားတွေ၊ ဘေတီးတွေရဲ့ ရပ်ကွက်ဆိုတော့ သူတို့လည်း ထွက်လာကြမှာပေါ့။ အားလုံး ပြုံးပြုံးရွှဂ်ရွှင် ပျော်ပျော်ပါးပါး။ ရွှေမြန်မာတွေ၊ ပေါက်ဖော်တွလည်း စုံလို့ရယ်။
ဘုရားကျောင်းရဲ့ အရှေ့ဘက်ထောင့်ယွန်းယွန်းမှာ စင်မြင့်ဖျော်ဖြေပွဲ ရှိတယ်။ မိန်းကလေး သီချင်းသည်တယောက်က ဗဒင်ရဲ့ နာမည်ကျော် သီချင်းတပုဒ်ကို ဟစ်ကြွေးနေတယ်။ သံပြိုင်အပိုဒ်မှာ သူမဆိုပေမဲ့ ပရိသတ်က အုံးအုံးကြွက်ကြွက် အော်နေကြတာ ကြားရတယ်။
ဒို့ကတော့… ဒို့ကတော့…
ဗိုလ်ချုပ်ဈေးရှေ့လောက်က စပြီး လူပါးသွားတယ်။ ဆူးလေအချက်ပြ လမ်းဆုံမှာ ကျွန်တော့်ကားက ထိပ်ဆုံးက။ မီးစိမ်းတာ စောင့်နေရင်း ဟိုဟိုသည်သည် ကြည့်မိတော့ ဆူးလေ လမ်းထောင့် တဖက်တချက်မှာ မီးထွန်းထားတဲ့ ခရစ္စမတ်သစ်ပင် နှစ်ပင် တွေ့မိတယ်။
မီးက တော်တော်နဲ့ မစိမ်းဘူး။ ဆူးလေလမ်းတခုလုံး ရှင်းလင်းနေတဲ့အထိလည်း မစိမ်းတော့ စိတ်ထဲ မသိုးမသန့်ဖြစ်လာတယ်။ ထင်တဲ့အတိုင်းပါပဲ။ လမ်းကြီးရှင်းသွားပြီဆိုတော့မှ ဆိုင်ကယ် ဥသြသံကြားရတယ်။ ပြီးတော့ ကားနက်ကြီး နှစ်စီးက ရှေ့နောက် အခြံအရံနဲ့ မြို့ထဲကို ကြွချီလာတာ။
ပြုံးမိတယ်။ အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ မဲဆွယ်တုန်း ခဏသာ စကားလုံးအလှတွေ သုံးတာ။ လက်တွေ့မှာတော့ ဒုံရင်းပဲလေ။ ခိုင်ထူးတောင် ရှေးက ဆိုဖူးသေးတယ်။ ဘာတဲ့… ဆို… ဆို… ဆို… ဆိုလား။
အဲလို သွားလာလှုပ်ရှားနေကြမှတော့ လူထုနဲ့ အတော်နီးမှာပေါ့နော်။ မနီးလည်း အရေးမကြီးပါဘူး။ ရှေ့က နေဝင်းအပါအဝင် ဘိုးဘေးတွေရဲ့ ရွှေကျင့်ဆိုးတွေကိုမှ အမှန်မှတ်ခဲ့၊ အားကျခဲ့ရတဲ့ ဘဝမှာ ကြီးပြင်းခဲ့ကြပေတာကိုး။
ခေတ်အဆက်ဆက် လမ်းပေါ်မှာ အခုလို ဗိုလ်ကျနေသူတို့ ပါးနေတဲ့ သတင်းစကားက ရှင်းတယ်။ လူထု ကြပ်ချင်ကြပ်ပလေ့စေ၊ ခရီးရောက်ချင်မှ ရောက်ပလေ့စေ၊ ငါတို့ ချောင်ရင် ပြီးတာပဲ၊ ငါတို့ ခရီးရောက်ဖို့က အရေးကြီးတယ်၊ မှတ်ထားဆိုတဲ့ သတင်းစကားခင်ဗျ။
ကျေးဇူးရှင်များ ကြွချီသွားတော့မှပဲ မီးလည်း စိမ်းတော်မူပါတော့တယ်။
ပန်းဆိုးတန်းထိပ်လောက်က စပြီး လူစုစုတွေ၊ သိမ်းနေတဲ့ ဆိုင်တွေ စ တွေ့ရပါတယ်။ လွစ္စလမ်း (ဆောရီး… နှုတ်စွဲနေဆဲမို့ Lewis Street ပဲ ခေါ်မိသွားတယ်။ ဘာတဲ့ ဆိပ်ကမ်းသာလမ်း) လောက်မှာ ကားတွေ ပိတ်နေတာ တွေ့ရတယ်။ တည့်တည့်သွားလို့ ရမယ်အမှတ်နဲ့ ဘယ်ဘက် ယာဉ်ကြောကို ယူထားလိုက်ပါတယ်။
လမ်း ၄၀ အထက်လမ်းနဲ့ ၃၉ လမ်းအထက်လမ်းမှာ စုစုပေါင်း နှစ် ၂၀ လောက် နေခဲ့ဖူးတော့ အဲဒီ့နေရာတွေမှာ ကျွန်တော့်ခြေရာတွေ မနည်းဘူး။ မြို့လယ်ဆိုတာ ကျွန်တော် အလွတ်ရနေတဲ့ ဒေသ။
လမ်း ၄၀ ထိပ်နား ရောက်တော့ ညာဘက်မှာ ဖျော်ဖြေရေး ကားတစီး မြင်လိုက်တယ်။ ခရစ်ယာန်ဓမ္မတေးတွေ သီကြွေးနေကြတာလည်း ကြားရတယ်။
ဘီးလှိမ့်လိုက်တော့ ဆယ့်(န်)(ထ်)မယ်ရီး(ဇ်) ဘုရားရှိခိုးကျောင်းတော်ကြီးကို လှမ်းမြင်ရပါတယ်။ စိန်ပေါကျောင်းလို့ ခေါ်ကြတဲ့ ဆယ့်(န်)(ထ်)ဖော(လ်)(ဇ်) သာသနာပြုကျောင်းနဲ့ တွဲရက်ပေါက်ဖွားခဲ့တာပေါ့။ ၆ တန်းကနေ ဆယ်တန်းအောင်တဲ့အထိ နေခဲ့ရတဲ့ ချစ်လှစွာသော ၆ ဗိုလ်တထောင် ကျောင်းတော်ကြီး။
မီးတွေ ထွန်းထားတာများ ထိန်လို့။ အဲဒီ့ထိပ်က စပြီး ဗိုလ်ချုပ်လမ်းကို ပိတ်ထားလိုက်ပြီမို့ ဗိုလ်အောင်ကျော်လမ်းထဲချိုးဝင်၊ ဒါလဟိုဇီ… အဲ… မဟာဗန္ဓုလလမ်းအတိုင်း ဆင်း၊ သိမ်ဖြူအတိုင်း ပြန်တက်၊ ဗိုလ်တထောင် ၄ ရှေ့မှာ ကားရပ်ပြီး ကလေးတွေကို ပွဲတန်း လျှောက်ခွင့်ပေးလိုက်တယ်။ ကျွန်တော်ကတော့ ကားစောင့်ရင်း၊ ခေါ်လာခဲ့တဲ့ ခွေးကလေး ကျောင်းရင်း ကျန်ခဲ့တာပေါ့။
ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးတာလေးတွေ မြင်တော့လည်း ကိုယ့်အသက် ကိုယ်ပြန်သတိပေးရသေးတယ်။ ဒါပေမယ့် နောက်စိတ်တစိတ်က သတိပေးနေတဲ့ စိတ်ကို ဆန့်ကျင်ပုန်ကန်တယ်။ ဖွဲတဆုပ်မက ဆန် ၈ ပြည်လောက်တော့ နိုင်သေးတယ်ဟ…. တဲ့။ 🤭
ကလေးတွေ ပျော်ပျော်ပါးပါး ပြန်လာကြတော့ သိမ်ဖြူလမ်းပေါ်က ဆိုင်တဆိုင်မှာ ဖာလူဒါ တိုက်လိုက်ရင်း မနေ့ညက ခရစ္စမတ် အစီအစဉ်ကို လက်စသတ်လိုက်ပါတယ်။
—-
ရန်ကုန်မြို့ကို ၁၉၆၈ ခုနှစ် မတ်လမှာ စရောက်ခဲ့တာမို့ ကျွန်တော် ရန်ကုန်မှာ နေခဲ့တာ နှစ် ၅၀ ပြည့်ဖို့ ၃ လသာသာပဲ လိုပါတော့တယ်။
သည်လို ခရစ္စမတ်မီးထွန်းပွဲမျိုးကို အဲဒီ့ နှစ် ၅၀ အတွင်း တခါမှ မကြုံဖူးပါဘူး။
တကယ့်ကို စည်ကားသိုက်မြိုက်တဲ့ ရန်ကုန်ရဲ့ နာတာလူး ပွဲတော်ပါပဲ။
ဘာ့ကြောင့် သည်နှစ်မှ အခုလို ထူးနေရတာလဲ။ အဖြေက ရှင်းပါတယ်။ ဗမာပြည်မှာ ဘာသာရေး ခွဲခြားမှုတွေ မရှိပါဘူး၊ လွတ်လပ်စွာသက်ဝင်ယုံကြည်ခွင့် ရှိပါတယ်ဆိုတဲ့ ဟန်ရေးလေး ပြချင်လို့ပဲဆိုတာ ထင်ရှားလှပါတယ်။
ရွှေဗမာတို့ရဲ့ ထုံးစံအတိုင်း ကျီးအာသီးပေါ့။ အပေါ်ယံ ဟန်ပြ လှဖို့ပဲ အရေးကြီးပါတယ်။ အတွင်းမှာ ဘာဖြစ်နေနေလေ။
ဗိုလ်နေဝင်းသက်တမ်း ကုန်ခါနီးက စပြီး ဘာသာခြားတွေကို စစ်ဘက်၊ နယ်ဘက်မှာ နေရာမပေးတော့တာ အခုအချိန်အထိ အထင်အရှားပါပဲ။ ဖအေလည်း တပ်မတော်သား ဗိုလ်မှူး၊ သားလည်း တပ်မတော်သား ဗိုလ်မှူး၊ ဒါပေမယ့် ဘာသာခြားဖြစ်နေလို့ ဗိုလ်မှူးအဆင့်က ဆက်မတက်ဘဲ နယ်ဘက် ပြောင်းတော့တောင် ဒုညွှန်ဘဝနဲ့ အရိုးထုတ်ရတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်လည်း ရှိပါတယ်။
ဗိုလ်မှူးချုပ်အေဘယ်(လ်)ခမျာမလည်း သူ့ထက် ဝါနုသူတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဖြစ်သွားကြလင့်ကစား သူ့ခမျာမတော့ အငြိမ်းစားယူသည်အထိ ဗိုလ်မှူးချုပ်ဘဝက တက်မသွားခဲံ့တာလည်း အထင်အရှားပါ။
ဒုသမ္မတလို နေရာမျိုးမှာတော့ ဘာသာခြား၊ ကျန်တိုင်းရင်းသားတွေကို ထားပေးလင့်ကစား အဲဒီ့အောက်အဆင့်ဆင့် ညွှန်မှူးအထိ ဘာသာခြားတွေအတွက် နေရာက ပါးရှားလှပါတယ်။ ကြာလေ ဆိုးလေ ဖြစ်နေတာ အသိသာကြီးပါ။
နယ်မြို့တမြို့က တားမြစ်စာတစောင်ကလည်း မကြာသေးခင်ကပဲ စာအုပ်မျက်နှာစာပေါ်မှာ အထင်အရှား ပလူပျံခဲ့ပါသေးတယ်။ ကိုယ့်အိမ်ထဲကိုယ် ဝတ်ပြုဆုတောင်းပွဲ ကျင်းပတာကို ခွင့်မပြုတဲ့ စာဆိုတာ မှတ်မိကြဦးမှာပါ။
တခြား နယ်တွေမှာလည်း လူမသိ သူမသိဖြစ်နေတဲ့ ဘာသာခြားတွေကို ကန့်သတ်မှု ပေါင်းစုံက ရှိနေလောက်မယ်ဆိုတာ ဦးနှောက်ရှိသူတိုင်း ခန့်မှန်းနိုင်ပါလိမ့်မယ်။
အဲဒါတွေကို မပြင်ဘဲနဲ့ ရန်ကုန်လို မြို့ကြီးမှာ ပွဲကြီးတပွဲ ခြိမ့်ခြိမ့်သဲ ဆင်နွှဲခြင်းဟာ ပြစားတာ၊ ခုခေတ်စကားနဲ့ဆို ဂျင်းထည့်တာ ဖြစ်နေပါလိမ့်မယ်။
—–
နောက်တချက် – ခရစ်ယာန်တွေကိုတော့ ရန်ကုန်မြို့ကြီးမှာ ဟန်ပြ ကောင်းဖို့အတွက်ပဲဖြစ်ဖြစ် ခွင့်ပြုခဲ့ကြပါပြီ။ တခြား ဘာသာဝင်တွေကိုရော… ခွင့်ပြုကြမှာလား။ တခြားဘာသာဝင်တွေရော သည်လိုမျိုး ခြိမ့်ခြိမ့်သဲ ဆင်နွှဲခွင့် ရကြမှာလား။
သည်နေရာမှာ အောက်ကလိ အာလိုသူတွေအတွက် မနေ့ညက မြင်ခဲ့ရတဲ့ နာတာလူးပွဲတော်ရဲ့ သင်္ကေတကို မီးမောင်းထိုးပြလိုက်ချင်ပါသေးတယ်။
ရန်ကုန်မြို့လယ်ဟာ စတုရန်းမိုင်ပေါင်း ၃၉၃၀ ရှိပါတယ်။ နာတာလူးပွဲ ဆင်နွှဲတဲ့ အဓိကနေရာကကျတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် ရွှေတိဂုံဘုရားလမ်းမှသည် သိမ်ဖြူလမ်းအထိသာမို့ ရန်ကုန်ရဲ့ တကယ့် အစိတ်အပိုင်း သေးသေးလေးမှာ ကျင်းပခဲ့တာ အထင်အရှားပါ။
ရန်ကုန်မှာ ဗုဒ္ဓဘာသာဝင်က ၉၁ % ရှိပြီး ဂိုဏ်းပေါင်းစုံ ခရစ်ယာန်ဘာသာဝင်က ၃.၂ % သာ ရှိပါတယ်။ ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပသည့်တိုင် ဘာသာဝင် ဦးရေနဲ့ အချိုးညီတဲ့ နေရာကို ယူပြီး ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ သည်အတွက် ဘယ်သူမှလည်း အနှောင့်အယှက်မဖြစ်ခဲ့၊ လူအများလည်း ပျော်နိုင်ခဲ့ကြပါတယ်။
—–
၁၉၆၈ (ဗိုလ်နေဝင်း အာဏာကို အဓမ္မရယူအပြီး ၆ နှစ်) မှာ ကျွန်တော် ရန်ကုန်ကို စရောက်ခဲ့ကြောင်း ပြောပြီးပါပြီ။
အဲဒီ့ခေတ်က ရန်ကုန်ကို ပြန်သတိရမိတယ်။ အဲတုန်းက ရန်ကုန်ဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့မြို့၊ အချင်းချင်း တယောက်နဲ့တယောက် ဖေးကူထူမခဲ့တဲ့မြို့။ ဘာသာပေါင်းစုံ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ပျော်ရွှင်နိုင်တဲ့ မြို့ကြီးပါ။ အဲဒီ့ခေတ်က ဌာနဆိုင်ရာ နေရာအသီးသီးက ကြီးကြီးမာစတာတွေထဲမှာလည်း ဘာသာခြားတွေ အပြည့်နဲ့ပါ။
အဲဒီ့မတိုင်ခင် မန်းနဲ့ ကယားပြည်၊ ရှမ်းပြည်တွေမှာနေတော့လည်း ဘာသာခြား၊ လူမျိုးခြားတွေနဲ့ ဒွေးရောယှက်တင်နေခဲ့တာပါပဲ။ ကျွန်တော်တို့ငယ်ဘဝတွေမှာ ပေါင်းစုံကွဲပြားနေတာကို အလှတရားအဖြစ် ရှုမြင်နိုင်ခဲ့ကြတယ်။
အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယမှာလည်း ဘာသာခြား လူမျိုးခြားတွေ ပွထနေအောင် ပေါလင့်ကစား နိုင်ငံ့စီးပွားရေး တိုးတက်နေတာ အထင်းသားမြင်နိုင်ပါတယ်။ ဘာလို့လဲ၊ ငြိမ်းချမ်းလို့၊ အချင်းချင်း ရန်ရှာမနေကြလို့ဆိုတာလည်း မြင်သာပါတယ်။
ကျွန်တော်တို့နိုင်ငံတိုးတက်ချင်ရင်တော့ အားလုံး သတိထားကြဖို့ လိုပါလိမ့်မယ်။
သင်္ကြန်မိုးဇာတ်ကားထဲမယ် ခင်ခင်ထားက ငြိမ်းမောင်ကို ပြောတယ်။
ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါတဲ့…
ကျွန်တော်လည်း မြန်မာပြည်တွင်းနေထိုင်တော်မူကြပါပေထသော လှည်းနေ လှေအောင်း မြင်းစောင်းသာမက နန်းတော်ကြီးများအတွင်းမှာပါ နေထိုင်ကြသူ လူအားလုံးကို ပြောလိုက်ချင်ပါတယ်။
ဘာသာခြားတွေကို ပျော်ခွင့်ပေးလိုက်ပါလို့။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၆၁၂၁၇)
မှတ်ချက် – မနှစ်က ရေးဖြစ်ခဲ့တာလေးကို အခုမှ ပြန်တင်လိုက်တာပါ။ သည်နှစ်လည်း သည်လို ပွဲတော့ ရှိနေပါသေးရဲ့။