လက်တွဲဖော် စာအုပ်တိုက် ၁၀ နှစ်ပြည့် နှစ်ဦးရဲ့ ပွဲဦးထွက်အနေနဲ့ စာအုပ်နှစ်အုပ်ကို တစ်ပြိုင်တည်း ထုတ်ဝေဖြန့်ချိလိုက်ပါပြီ
လက်တွဲဖော် စာအုပ်တိုက်ရဲ့ စင်တင် ကလောင်သစ်ကလေး “ငွေစန်းရောင်”ရဲ့ “ဆရာဝန့်ဘက်က ရှေ့နေလိုက်မယ်”နဲ့ “အတ္တကျော်”ရဲ့ “မောဟရဲ့ မူလဘူတ”တို့ပါပဲ။
A View of A Couple of Venerable Monks on My Works
မျိုးဆက်ပွား ကျန်းမာရေးတွေ ရေးခဲ့တဲ့အပေါ် ထေကြီးဝါကြီး နှစ်ပါးရဲ့ အမြင်
ကျွန်တော့်ရဲ့ “သားငယ်တို့ နားလည်ဖို့”ဆိုတဲ့ စာတွေ စာအုပ် ဖြစ်မလာခင် သရဖူ မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြနေဆဲမှာပဲ ဝေဖန်သံတွေ ဆူညံ ပွက်လောရိုက်ကုန်ပါတယ်။ အဓိကကတော့ အိမ်ထောင်ပြုထား၊ သားသမီး မွေးထားကြသူများပေမယ့် အဲဒီ့ မျိုးဆက်ပွား ကျန်းမာရေး ကိစ္စကို လူသိရှင်ကြား မချပြ မဆွေးနွေးသင့်ဘူးဆိုတဲ့ အယူအဆနဲ့ ကျွန်တော့်ကို တိုက်ခိုက်ကြတာပါ။ အဲလို ပြောကြတဲ့အထဲက ပုဂ္ဂိုလ်ရေးပါ ထည့်တွယ်ထားတဲ့ ဝေဖန်စာ တစ်စောင်ကြောင့် သရဖူ မဂ္ဂဇင်း စီစဉ်သူများတောင်မှ ထိတ်ပျာပြီး ကျွန်တော့်စာကို ဆက်လက် ဖော်ပြသင့်၊ မဖော်ပြသင့် ခေါင်းချင်း ရိုက်ကုန်ခဲ့ရပါသေးတယ်။ ကျွန်တော်ကတော့ ကျွန်တော့် စေတနာ ကျွန်တော် ယုံတာမို့ ဆက်ရေးခဲ့ပါတယ်။ ပြီးတော့ စာအုပ် ထုတ်ခဲ့တယ်။ စာအုပ် ထွက်လာပြီးတဲ့နောက်မှာ ကျွန်တော့်ဆီကို စာတွေ အများကြီး ရောက်လာတယ်။ အဲဒီ့စာတွေထဲက သင့်နိုးရာရာစာပေါင်း ၃၄ စောင်ကို သမီး မိန်းကလေးတွေအတွက် ရည်ရွယ်ရေးသားတဲ့ “မီးငယ်တို့ အသိကြွယ်ဖို့”စာအုပ်ရဲ့ နောက်ဆုံးမှာ ပုံနှိပ်ဖော်ပြထားခဲ့ပါတယ်။
“မီးငယ်တို့ အသိကြွယ်ဖို့”ကို ထုတ်ဝေခဲ့တာတောင်မှ ၆ နှစ် ရှိခဲ့ပါပြီ။ သို့ပေမယ့် အရိုးတွန်တယ်ပဲ ပြောရမလား မသိဘူး။ သည်စာအုပ်တွေ ကျွန်တော် ရေးသား ထုတ်ဝေခဲ့တာကိုပဲ အခုကျတော့မှ သည်စာအုပ်တွေ အစ ပြန်ကောက်ပြီး တောင်ပြော မြောက်ပြော ပြောချင်သူတွေ ပေါ်လာတာ တွေ့လာရပြန်ပါတယ်။ အင်တာနက်ပေါ်က ကျွန်တော့်စာလောက်သာ ဖတ်ဖူးပြီး ကျွန်တော့် စာအုပ်တွေ လုံးဝ မဖတ်ဖူးသူတွေ အယူအကောက် လွဲအောင် ကျွန်တော်ကပဲ မတော်မတည့်တွေ ရေးထားသလိုလို မှိုင်းတိုက်စကားတွေ ဖတ်ရတဲ့အခါ ပြုံးမိရပါတယ်။ ကျွန်တော်ရေးတဲ့စာဟာ ဘယ်လိုစာမျိုးလဲဆိုတာ မသိသေးသူတွေ စနည်းနာနိုင်အောင် “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ရဲ့ စာမျက်နှာ ၂၀၇ နဲ့ ၂၀၈ မှာ ဖော်ပြခဲ့တဲ့ ဆရာတော် “ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)”နဲ့ အောင်မင်္ဂလာတိုက်သစ်က “စာချ နာယက ဆရာတော် အရှင် နာရဒ (ဓမ္မာစရိယ၊ ၀ိနယဓရ)” တို့ ရေးသားချီးမြှင့်တော်မူခဲ့ကြတဲ့ မှတ်ချက် နှစ်ပုဒ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ (စကားစပ်တုံး ပြောရရင် အဲဒီ့ စာဖတ်သူများဆီက တုံ့ပြန်စာ ၃၄ စောင်မှာ သည်ဆရာတော်နှစ်ပါး အပါအ၀င် ရဟန်းတော် သုံးပါးရဲ့ စာများကို ပြန်လည် ဖော်ပြထားပါတယ်။ သရဖူ မဂ္ဂဇင်း ထိတ်ပျာသွားအောင် လုပ်ခဲ့တဲ့ ဝေဖန်စာကိုလည်း အဲဒီ့စာအုပ်မှာပဲ ဖော်ပြပေးခဲ့ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက အဲဒီ့ တစ်စောင်ပဲ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို မပြင်ဘဲ လူချချင်တဲ့ စိတ်နဲ့ ရေးထားတာဖြစ်ပြီး ကျန် ၃၃ စောင်က ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း ရေးထားတာတွေ ဖြစ်နေတာပါပဲ။)
အမေရိကန် စာရေးဆရာ၊ ကထိက၊ မိမိကိုယ်မိမိ တိုးတက်ရေး၊ အရောင်းမြှင့်တင်နည်း၊ လူအများရှေ့ စကားပြောနည်း၊ ပေါင်းသင်းဆက်ဆံနည်းစတဲ့ နည်းလမ်းများကို ဖော်ဆောင်ခဲ့သူ ဒေး(လ်) ခါနက်ဂျီ (၁၈၈၈-၁၉၅၅) ကတော့ ပြောဖူးတယ်။ “ဘယ်လူ့အန္ဓမဆို ဝေဖန်နိုင်၊ ရှုံ့ချနိုင်၊ ညည်းညူနိုင်ပါတယ်။ ဒါပေမယ့် နားလည်စာနာတတ်ဖို့နဲ့ ခွင့်လွှတ်တတ်ဖို့အတွက်ကျတော့ သတ္တိကောင်းဖို့ လိုသလို မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိဖို့လည်း လိုပါတယ်”တဲ့။
တောင်စွန်းဆရာတော်ရဲ့ မှတ်ချက်
၃၁-၈-ဝ၅
ဒကာ အတ္တကျော်သို့
“သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ”ဆိုတဲ့စာအုပ်ကို ဖတ်ရှု မရာက “ဆူဒိုနင် (ခေါ်) အတ္တကျော်”ဆိုတဲ့ စာရေးဆရာကို တလေးတစား သိမှတ်ပြီး ထွက်သမျှ စာအုပ်တွေ မပြတ်ဖတ်ဖြစ်ခဲ့တာပဲ။ “ခြေရာပြိုးပြောက်”စာအုပ်မှာတော့ ဝတ္ထု တွေနဲ့ပတ်သက်လို့ (အမှန်အတိုင်း ပြောရရင်) မိမိသဘောကျတဲ့ တခြား ဝတ္ထုတိုဆရာတို့ရဲ့ လက်ရာကို မမီပါဘူး။ သဘောကျမိတာကတော့ “ဝတ္ထုနောက်မှာ ပြောချင်တာ”လေးတွေကြောင့် ဝတ္ထုတိုဖတ်သူများအနေနဲ့ နောက်ခံနဲ့ ဝတ္ထုကို ချင့်ချိန် အကဲခတ်တတ်တဲ့ပညာရပ် တစ်ခုတော့ (ယူတတ်ရင်) ရနိုင်ကောင်းတယ်လို့ ထင်ပါတယ်။
အဲ… အခု အထူးပြောချင်တာကတော့ “သားငယ်တို့ နားလည်ဖို့” စာအုပ်ကိုပါပဲ။ ရှေးရိုးဆန်ဆန်အမြင်နဲ့ ကြည့်ရင်တော့ “မျက်စိရှက်၊ နားရှက်စရာ”လို့ ထင်ကြမလားပဲ။ သည်လို အထင်မှားမှုတွေကြောင့်ပဲ မျက်စိနဲ့ နားသာမကဘဲ “ရုပ်ရော နာမ်ပါ တစ်ခန္ဓာလုံး” ရှက်ရသူတွေကို တွေးကြည့်မိတော့မှ “သည်စာအုပ်မျိုးတွေ အထွက်နောက်ကျလေခြင်း”လို့ တမ်းတမိတော့တယ်။
သည်စာအုပ်နဲ့ ပတ်သက်လို့ ရဟန်းတော်တစ်ပါးအနေနဲ့ အတိုချုပ် မှတ်ချက်ချရမယ် ဆိုရင်တော့ “ဒါမျိုးတွေဟာ ကင်းနိုင်ရင် အကောင်းဆုံးပဲ၊ အဲ… မကင်းနိုင်ကြရင်တော့ သည်စာအုပ်ထဲက အကြောင်းအရာတွေကို သိထားရင် အကောင်းဆုံးပဲ”လို့ ပြောချင်ပါတယ်…
အဲ… တစ်ခုလည်း ထပ်ပြောချင်ပါသေးတယ်။ ဦးဇင်းနဲ့ရင်းနှီးတဲ့ ဇနီးမောင်နှံစုံတွဲ ငယ်လေးမှာ သားဦးလေး မွေးဖွားတော့ ကလေးက ချစ်စရာလေး ဖြစ်ပေမယ့် ခြေလက် အင်္ဂါတွေ ချွတ်ယွင်းနေတယ်။ သားဦးလေးဖြစ်ပေမယ့် ဟက်ဟက်ပက်ပက် မချစ်နိုင်ရှာကြဘူးပေါ့ဗျာ။ ခြွင်းချက်ပါတဲ့ ကျောက်မျက်ရတနာလေးလို ဖြစ်နေတယ်။ မိဘနှစ်ဦးစလုံး ကလည်း မိမိနဲ့ ညီတွေ၊ ညီမတွေ လိုဖြစ်နေလို့ အကြောင်းစုံမေးကြည့်တော့ ကာလပေါ် တားဆေးကို စားမိရာက အကုန်မတားနိုင်ဘဲ တချို့တစ်ဝက် တားမိသလိုကြီး ဖြစ်သွားတဲ့ သဘောလို့ သုံးသပ်မိလိုက်တယ်။ သည်လိုအဖြစ်မျိုးတွေနဲ့ ပတ်သက်လို့ ဒါဟာ တားဆေးကြောင့် ဘေးဖြစ်တာ ဟုတ်မဟုတ် ဆိုတာရယ်၊ နည်းအမျိုးမျိုးတို့ရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်ရယ်လို့ သီးသီးသန့်သန့် နှိုင်းယှဉ်တင်ပြပေးဖို့လည်း အကြံပြုချင်ပါတယ်။
သည်စာအုပ်ထဲက အကြောင်းအရာတွေဟာ ခုမှပဲ သည်လောက်အထိ သိရတာပါ။ တကယ်လို့ အရင်ကတည်းက သိထားပြီး “သည်အကြောင်းအရာကို လူငယ်လေးတွေ သိထားသင့်တယ်”လို့ သဘောပေါက်မယ်ဆိုရင်ကော ဆရာအတ္တကျော်လို ရေးရဲပါ့မလားလို့ ကိုယ့်ဟာကိုယ် ပြန်မေးကြည့်မိတယ်။ “မရေးရဲရင် မရိုးသားရာကျမှာပေါ့”လို့ စောဒကတက် ကြည့်တယ်။ မလွယ်ဘူးဗျို့။ “စိတ်ရိုင်းကို ကိုယ်ယဉ်ကျေးဟန်နဲ့ ဖုံးကွယ်တတ်တဲ့ ရိုးရာ ဟန်ဆောင်မှုဆိုတဲ့ လောင်းရိပ်ကြောင့်လို့ပဲ” (ကိုယ့်ဘက်ကိုယ် သာသာထိုးထိုးလေး ဆင်ခြေပေးပြီး) မှတ်ချက်ချလိုက်မိပါတယ်။ (ရှက်တော့ ခပ်ရှက်ရှက်ပဲဗျာ၊ မတတ်နိုင်ဘူး။)
အမှန်ကတော့ သည်လိုပညာပေးမျိုး မရေးရဲတာဟာ ရိုးရာဟန်ဆောင်မှုလို့ ပြောရမှာထက် “အလွန်ကရုဏာတရား ခေါင်းပါးမှု”လို့ ပြောရမှာဗျ။ ဟုတ်တယ်လေ၊ မြတ်စွာဘုရားရှင်ရဲ့ ဝိနည်းသိက္ခာပုဒ်တွေမှာ ရဟန်းတို့အတွက် ဒုဋ္ဌုလ္လဝါစာလို့ခေါ်တဲ့ အမျိုးသမီးတို့ရဲ့ ဟိရိကောပါန အင်္ဂါများနဲ့ ပတ်သက်ပြီး ပညတ်တဲ့ သိက္ခာပုဒ်မှာ မပြောသင့်တဲ့ စကားလုံးတွေ တစ်တစ်ခွခွ ဖော်ပြထားသလို ဘိက္ခုနီမများအတွက် ကိုယ်လက်သန့်စင်မှုနဲ့ ပတ်သက်တဲ့ သိက္ခာပုဒ်များမှာလည်း အတော်လေး အတွင်းကျကျနဲ့ အသေးစိတ် ပညတ်ထားချက်တွေ ပါပါတယ်။ ဒါကို အဋ္ဌကထာဆရာတော်က “မဟာကရုဏာရှင်”မို့သာ “မကြားဝံ့ တရား သူကြီး” ဆိုသလို မေးမြန်း ပညတ်တော်မူနိုင်ပါပေတယ်လို့ ချီးကျူးကြည်ညိုထားပါတယ်။
ဟုတ်တာပေါ့။ “ ပေါက်ဆိန်နဲ့ ထွင်းခံရမယ့်အရေးကို တွေးပြီး ကရုဏာသက်လို့ အပ်နဲ့ ကြိုပြီး ထွင်းပေးတဲ့ သဘောပဲ”ဆိုတာ အခုမှ တရေးရေး သဘောပေါက်လာတယ်။
ဆရာအတ္တကျော်ကို ဘုရားနဲ့ ယှဉ်ပြီး မတန်မရာ ချီးကျူးနေတာမဟုတ်ပါဘူး။ ဘုရားလည်း ဘုရားအတိုင်းအတာနဲ့ ကရုဏာထားသလို မိဘလည်း မိဘအတိုင်းအတာနဲ့ ကရုဏာထားသင့်တာမို့ “ဆရာအတ္တကျော် မိဘပီသပါပေတယ်”လို့ (သိပ်ပြီး အတ္တ လွန်မသွားဘူးဆိုရင်) လှိုက်လှိုက်လှဲလှဲပဲ ချီးကျူးလိုက်ပါရစေ။
“နောင်လာနောက်သားတွေ ကိုယ်လို မညံ့စေချင်ရင် ကိုယ်သိထားသမျှ မကွယ်မဝှက် လက်ဆင့်ကမ်းခဲ့၊ အဲဒါ သက်ကြီးတို့ရဲ့ ကရုဏာပဲ”လို့ သဘောရပါတယ်။
ကရုဏာတရားများ ဆက်လက်တိုးပွားနိုင်ပါစေ…
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
တစ်ဆင့် – ကံဦးကျောင်း၊ မဟာညောင်ကုန်းတိုက်
ဗိုလ်တထောင်ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ရန်ကုန်မြို့
စာချ နာယက ဆရာတော် တစ်ပါးရဲ့ မှတ်ချက်
၂၅-၄-ဝ၅
ဒကာ အတ္တကျော်
အတွေးသစ်ဂျာနယ်မှာ ဒကာရဲ့ဆောင်းပါးများ စတင်ဖတ်မိကတည်းက ကြိုက်သွားတာ။ ဒါနဲ့ အပတ်စဉ် မလွတ်တမ်း စောင့်ဖတ်ရတဲ့အထိပါပဲ။ စာချ တာဝန်ကိစ္စတွေနဲ့ စာအုပ်ဆိုင်တွေဘက် မရောက်ဖြစ်ပါ။ တစ်နေ့တော့ ဈေးပွဲတော် လေ့လာရင်း ၁၀-၁-၂၀ဝ၅ နေ့က ဆရာစံပလာဇာရှေ့မှာ တွေ့တာနဲ့ ဝယ်ဖတ်ဖြစ်တာပါ။
စာအုပ်တွေ အစုံတွေ့သော်လည်း အတွေးသစ် စာအုပ်အညွှန်းကဏ္ဍကို ဖတ်ရှုထားပြီးမို့ “သားငယ်တို့ နားလည်ဖို့” ကို ရွေးချယ်ဝယ်ယူတော့တာပါပဲ။
ဖတ်ရင်းနဲ့ နောက်ဆုံးက အထူးအစီအစဉ်ကို တွေ့ကတည်းက ပို့ဖို့ရာပါပဲ။ သို့သော် သာသနာရေးကိစ္စများကြောင့် စောစီးစွာ မပို့ဖြစ်ခဲ့ပါ။ ဒါ့ကြောင့် အခုမှ သတ်မှတ်ရက် နီးကပ်သော်လည်း ပို့ဖြစ်အောင် ပို့မယ်ဆိုပြီး ပို့လိုက်ရခြင်းပါ။
သည်ရက်အတွင်းမှာပဲ မောဟပြေ ၁-၂-၃၊ ဖြေတွေး – လေးအုပ် ထပ်ဝယ်လိုက်ပါတယ်။
“နေပျော်တဲ့ဘဝ”ကို သုံးလပိုင်းက ဝယ်ဖတ်ပြီး မိမိနေရပ် အပြန်မှာ ဖတ်ရှုသူတို့ ကြိုက်နှစ်သက်လို့ ထားခဲ့ရပါတယ်။ ဒါနဲ့ အခု ထပ်ဝယ်ရတာပါ။
“သားငယ်တို့ နားလည်ဖို့”စာအုပ်ကိုလည်း အစအဆုံးကြည့်ပြီး သဘောကျလွန်းလို့ ရှေ့ဆုံးစာမျက်နှာမှာ အခုလိုတောင် ရေးပေးထားလိုက်ပါတယ်။
“သားတို့အရွယ်
လူငယ် လူကြီး
သမီးလည်းပါ
ဆရာ မိဘ
သုတ ရှာလိုသူတို့အတွက်
မရှိမဖြစ် ပညာပေးလမ်းညွှန်” ဟူ၍…“အောင်မြင်တိုးတက်ပါစေ”
ဒါပါပဲဆက်လက်အားပေးဖတ်ရှုနေဦးမည့်
ဦးနာရဒ (စာချ နာယက)
အောင်မင်္ဂလာတိုက်သစ်၊ ရန်ကုန်မြို့
(သက်တော် ၄၅ နှစ်၊ ဓမ္မာစရိယ၊ ဝိနယဓရ)
Bobby
ဘော်ဘီ
သည်ကနေ့ နိုင်ငံရေးစကားတွေ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကနေ့အဖို့ ပရိသတ်ကြီးကို ပြောပြချင်တာလေးတစ်ခုရှိပါတယ်။ ဘာကိုလဲဆိုရင်တော့ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လှသော အကြမ်းဖက်မှု အန္တရာယ်ရန်စွယ်အကြောင်းကို တိုတိုကျဉ်းကျဉ်း ပြောလိုက်ချင်တာပါ။ အဲဒီ့အန္တရာယ်ကြောင့် ကျွန်တော်တို့ မိခင်မြေမှာ အစွန်းအထင်းတွေ ဖြစ်နေရသလို လူတိုင်းလူတိုင်းရဲ့ ဘဝတွေလည်း စွန်းထင်းနေပါတယ်။
ဒါဟာ လူမျိုးတစ်မျိုးတည်းအတွက် ကြောင့်ကြစရာ အရေးအရာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုရဲ့ သားကောင်တွေထဲမှာ လူမည်းတွေလည်းပါသလို လူဖြူတွေလည်း ပါတယ်။ ကြွယ်ဝသူတွေ ပါသလို နွမ်းပါးသူတွေလည်း ပါတယ်။ ငယ်ရွယ်သူတွေ ပါသလို အသက်ကြီးသူတွေလည်း ပါတယ်။ ကျော်ကြားသူတွေ ပါသလို လူမသိ သူမသိ အညတြတွေလည်း ပါပါတယ်။ အဲဒီ့သားကောင်တွေ အားလုံးမှာ တူညီတဲ့ အချက်ကတော့ တစ်ချက်တည်း ရှိတယ်။ အဲဒါကတော့ သည်သားကောင်တွေ အားလုံးဟာ တခြားသော လူသားများက ချစ်ခင် တွယ်တာကြသူတွေ၊ တခြားသော လူသားများအတွက် လိုအပ်နေသူတွေ ဖြစ်လေတဲ့ လူသားစင်စစ်များသာ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။
ဘယ်မှာနေတဲ့သူပဲဖြစ်ဖြစ်၊ ဘာအလုပ်လုပ်တဲ့သူဖြစ်ဖြစ် ဘယ်သူတစ်ဦး တစ်ယောက်မှ သည်လို ဆင်ခြင်ဉာဏ် ကင်းမဲ့လှတဲ့ သွေးချောင်းစီးမှုကို ရင်ဆီးပြီး ခံရလေမယ့်သူ နောက်တစ်ဦးဟာ ဘယ်သူဖြစ်လိမ့်မယ်ဆိုတာကို ကံသေကမ္မ မပြောနိုင်ပါဘူး။ အဲသလိုနဲ့ပဲ သည်အနိဋ္ဌာရုံ၊ သည်အကြမ်းဖက်မှု၊ သည်သွေးချောင်းစီးမှုကြီးဟာ ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ ဆက်ခါ၊ ဆက်ခါ၊ ဆက်ခါ ဖြစ်ပွားနေပါတယ်။
ဘာကြောင့် ဖြစ်နေတာလဲ။ အကြမ်းဖက်မှုကြောင့် ဘာအကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာသလဲ။ အကြမ်းဖက်မှုက ဘာတွေကိုများ ဖန်တီးပေးခဲ့ပါသလဲ။
တရားဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ဖြစ်စေ၊ တရားဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်၊ သို့တည်းမဟုတ် ဂိုဏ်းတစ်ဂိုဏ်းကနေ သွေးအေးအေးနဲ့ပဲဖြစ်ဖြစ်၊ ဒေါသစိတ်နဲ့ပဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အနေနဲ့သော်လည်းကောင်း၊ အကြမ်းဖက်တဲ့အနေနဲ့သော်လည်းကောင်း အမေရိကန်နိုင်ငံသားတစ်ဦးတစ်ယောက်ရဲ့အသက်ဇီဝိန်ကို ချွေလိုက်တဲ့အခါတိုင်းမှာ…
လူတစ်ဦးတစ်ယောက်အနေနဲ့ သူကိုယ်တိုင်အတွက်၊ သူ့သားသမီးတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ တလေးတနက် ရက်ယှယ် တည်ဆောက်ထားလေတဲ့ ဘဝပိတ်သားကို ကျွန်တော်တို့တွေ ဆုတ်ဖြဲလိုက်တဲ့အခါတိုင်းမှာ…
အဲသလိုတွေ ကျွန်တော်တို့ လုပ်လိုက်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာက ကျကျသွားပါတယ်ခင်ဗျား။
အဲသလို ဖြစ်ပင် ဖြစ်နေလင့်ကစား လူသားချင်း စာနာထောက်ထားမှုနဲ့တကွ ပျိုးထောင် ယဉ်ကျေးမှု ထွန်းကားလှပါတယ်လို့ ကျွန်တော်တို့ ကြွေးကြော်နေသမျှကို လစ်လျူရှုရာ ရောက်နေလေတဲ့ အကြမ်းဖက်မှုများ တစ်နေ့တခြား တိုးပွား မြင့်တက်နေတာကိုတော့ ကျွန်တော်တို့တွေ အသာလေး မသိချင်ယောင်ဆောင်နေမိကြသလိုပါပဲ။
အင်အားသုံးနေကြသူတွေ၊ အင်အားနဲ့ ထောင်လွှားနေကြသူတွေ၊ အင်အားသုံးဖို့ကို အာပေါင်အာရင်းသန်သန် ပြောဆိုနေကြသူတွေကို ကျွန်တော်တို့တွေ ဂုဏ်ပြု ချီးမြှောက်နေတာ တစ်ဆိတ် များလွန်းနေပါပြီ။ တခြားတစ်ပါးသော လူသားများရဲ့ တစ်စစီကြေပျက်သွားတဲ့ အိပ်မက်များအပေါ်မှာ စင်္ကြံလျှောက်ပြီးမှ ကိုယ့်ဘဝကို တည်ဆောက်လိုကြသူများအပေါ်မှာ ကျွန်တော်တို့တွေ ခွင့်လွှတ်ထားခဲ့တာလည်း တစ်ဆိတ် များလွန်းနေပါပြီ။
သို့ပေမယ့် သေချာတာကတော့ တစ်ခုတည်းပါပဲ။ အကြမ်းဖက်မှုကနေ အကြမ်းဖက်မှုများသာ မွေးဖွားပေးပါတယ်၊ ဖိနှိပ်မှုကလည်း လက်တုံ့ပြန်မှုကိုသာ မွေးဖွားပေးပါတယ်။ သည်တော့ကာ ကျွန်တော်တို့ လူ့ဘောင်တစ်ရပ်လုံးကို သန့်စင်သွားအောင် လုပ်နိုင်မှသာလျှင် ကျွန်တော်တို့တွေရဲ့ စိတ်နှလုံးထဲမှာ ကိန်းဝပ်နေလေတဲ့ သည်စိတ်အဆိုးအယုတ်ကြီးကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
သို့ပေမယ့် လူတစ်ယောက်အနေနဲ့ သူ့ညီအစ်ကိုရင်းချာတစ်ယောက်ကို မုန်းတီးအောင်၊ ကြောက်လန့်အောင် ကိုယ်က သင်ကြားပေးလိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် သူ့ရဲ့ အသားအရောင်ကြောင့်ဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုကြောင့် ဖြစ်စေ၊ သူနှစ်သက် လက်ခံထားတဲ့ မူဝါဒကြောင့်ဖြစ်စေ၊ သူဟာဖြင့်ရင် တစ်ဆင့်နိမ့် လူသားသာ ဖြစ်တယ်လို့ လူတစ်ဦးတစ်ယောက်ကို ကိုယ်က သင်ကြားပေးလိုက်မယ်ဆိုရင်၊ အဲ… ဒါမှမဟုတ်လည်း ကိုယ်နဲ့ မတူတဲ့သူတွေက ကိုယ့်ရဲ့ လွတ်လပ်မှုကိုဖြစ်ဖြစ်၊ အလုပ်အကိုင်ကိုဖြစ်ဖြစ်၊ နေအိမ်ကိုဖြစ်ဖြစ်၊ မိသားစုကိုဖြစ်ဖြစ် ဒုက္ခပေးလိမ့်မယ်လို့ဖြစ်ဖြစ် သင်ကြားပေးလိုက်မယ်ဆိုရင် အဲဒီ့လူဟာ တခြားတစ်ပါးသူများကို ကိုယ်နဲ့ဘဝတူ လူသားများ၊ နိုင်ငံသားများအဖြစ် လူကို လူလို မမြင်တတ်တော့ဘဲ ရန်သူတွေအဖြစ်သာ မြင်တွေ့ ရင်ဆိုင်မိတော့မှာပါ။ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဆက်ဆံမှာ မဟုတ်ဘဲ အနိုင်ယူဖို့ သက်သက်သာ ဆက်ဆံဖြစ်တော့မှာပါ။ တန်းတူ ဆက်ဆံဖို့ထက် လက်အောက်ခံအဖြစ် သွတ်သွင်းဖို့သာ စိတ်ကူးတော့မှာပါ။
သည်လိုနဲ့ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ ညီရင်းအစ်ကိုတွေကို တခြား ဂြိုဟ်သားတွေလို ကြည့်တတ်လာပါတော့မယ်။ တစ်မြို့တည်းတော့ အတူနေကြပါရဲ့။ သို့ပေမယ့် အသိုင်းအဝိုင်းချင်း တခြားစီဖြစ်နေတဲ့ ဂြိုဟ်သားတွေပေါ့။ နေတဲ့နေရာချင်း တူလို့သာ ကျွန်တော်တို့နဲ့ ပတ်သက်နေရတာ၊ အားထုတ်မှုချင်းတော့ မတူဘူးလို့ တွေးဖြစ်နေပါတော့မယ်။ သည်လိုနဲ့ တစ်ယောက်တစ်ယောက် အပြန်အလှန် ကြောက်ရွံ့နေကြတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ကင်းကင်းရှင်းရှင်း နေချင်တဲ့ ဆန္ဒတွေသာ ပွားများလာမယ့်အပြင် သဘောထားကွဲလွဲမှုတွေကိုလည်း အင်အားသုံးပြီးသာ ဖြေရှင်းချင်စိတ်တွေကလည်း ပွားများလာတော့မှာ မလွဲပါဘူး။
သည်ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့တွေ ရထားတဲ့ ဘဝတာလေးက တကယ်တော့ တိုတောင်းလွန်းလှပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကကျတော့ မနိုင်ရင်ကာ ကြီးမားလွန်းလှတယ်။ အဲသလို ကြီးမားလှတဲ့ အလုပ် တာဝန်ကို ဆောင်ရွက်ကြဖို့အတွက် ကျွန်တော်တို့ရဲ့ မိခင်မြေပေါ်မှာ အဲဒီ့ စိတ်ဓာတ်ကြီးကို ရှင်သန်ပွင့်လန်းခွင့် မပေးသင့်တော့ပါဘူး။ အစီအမံ တစ်ခုခုနဲ့ ဖြစ်စေ၊ ဆုံးဖြတ်ချက်တစ်ရပ်ရပ်နဲ့ဖြစ်စေ သည်စိတ်ဓာတ်ကြီး အမြစ်ပြတ်သွားအောင် ဆောင်ရွက်နိုင်မှာ မဟုတ်တာလည်း အင်မတန်မှ သေချာလှပါတယ်။
သို့ပေမယ့် တစ်ကြိမ်တစ်ခါလောက်လေးပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သတိရသင့်တာလေးတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့နဲ့ အတူတကွ နေထိုင်ကြသူများ အားလုံးဟာ ကျွန်တော်တို့ရဲ့ ညီနောင်သားချင်းတွေသာ ဖြစ်တယ်ဆိုတာရယ်၊ ထိုသူများသည်လည်း ကျွန်တော်တို့နည်းတူ ဘဝတာတိုတိုလေးကို အခိုက်အတန့်မျှသာ ရရှိထားကြသူများသာ ဖြစ်တယ်ဆိုတာရယ်၊ သူတို့သည်လည်း ကျွန်တော်တို့နည်းတူ ကိုယ့်ဘဝကို ရည်မှန်းချက်ကလေးနဲ့ စိတ်လက်ချမ်းသာစွာ ရင်ဆိုင် ကျော်လွှားသွားချင်သူချည်းပဲ၊ ကျေနပ်မှုနဲ့ ပြည့်စုံမှုကို ကျွန်တော်တို့နည်းတူ ကိုယ်တတ်စွမ်းသမျှ ဆောင်ရွက်သွားချင်သူချည်းသာ ဖြစ်တယ်ဆိုတာရယ်လေးများကို သတိထားသင့်လှကြပါတယ်။
အဲသလို တူညီတဲ့ ကံကြမ္မာရဲ့ စည်းနှောင်မှု၊ တူညီသော ရည်မှန်းချက် ပန်းတိုင်မှုများရဲ့ စည်းနှောင်မှုက ကျွန်တော်တို့ကို စတင် သင်ပြပေးနေတာလေး တစ်ခု ရှိပါတယ်။ အခု ရင်ဆိုင် ကြုံတွေ့နေရသမျှကနေ အဖျင်းဆုံး ကျွန်တော်တို့ သိရှိ ကျင့်သုံးနိုင်တာတစ်ချက်ကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်က လူသားတွေကို ကြည့်မြင်မိတဲ့အခါတိုင်းမှာ ကျွန်တော်တို့နဲ့ တန်းတူရည်တူ လူသားများအဖြစ် ကြည့်တတ်လာပါလိမ့်မယ်။ ကျွန်တော်တို့ကြားထဲမှာ ရှိနေကြတဲ့ အနာတရများကိုလည်း ပြန်လည် ဖာထေးနိုင်အောင် အနည်းနဲ့အများ အားထုတ်တတ်လာပါလိမ့်မယ်။ ပြီးတော့လည်း တစ်နိုင်ငံတည်းအတွင်းမှာ မှီတင်းနေထိုင်ကြသူ နိုင်ငံသားများ၊ ညီနောင်သားချင်းများသာဖြစ်တယ်လို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ခံယူတတ်လာကြပါလိမ့်မယ် ခင်ဗျား။
၂၀ဝ၆ ခုနှစ် နိုင်ငံတကာ ရုပ်ရှင် အော်စကာ ဇာတ်ကားဆုအတွက် ဆန်ခါ တင် စာရင်းဝင်တဲ့ ကားတစ်ကားဖြစ်တဲ့ “ဘော်ဘီ”ဆိုတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်သိမ်းမှာ ပါဝင်တဲ့ “ရောဘာ့(ထ်) ဖရန်းဆစ်(စ်) ခယ်နက်ဒီ”ရဲ့ စကားတွေကို အစအဆုံး ပြန်ဆို တင်ပြလိုက်တာ ဖြစ်ပါတယ်။ မူရင်းဇာတ်ကားမှာက အကျော်အမော် သရုပ်ဆောင်တွေ အများအပြား ပါဝင်ပါတယ်။ အန်ထနီ ဟော့(ဖ်)ခင်း(စ်)၊ ရှယ်ရန် စထုံး၊ ဒယ်မီ မိုးတို့အပြင် လင်းဒဆေး လိုဟန်လို တက်သစ်စ သရုပ်ဆောင်မင်းသမီးလေးကအစ ပါဝင်တာမို့ အဟုတ်မှတ်ပြီး အစအဆုံး ထိုင်ကြည့်ခဲ့မိပါတယ်။
၁၉၆၈ ခုနှစ် ဇွန်လအတွင်းက သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆွယ်ပွဲ ကျင်းပရေးအတွက် ရောဘာ့(ထ်) ခယ်နက်ဒီ အခြေစိုက်ရာ သံအမတ်ကြီး ဟိုတယ်က ဝန်ထမ်းများနဲ့ လာရောက် တည်းခိုသူများအကြားမှာ ဖြစ်ပျက်သမျှကို ခုတ်ပြသွားရင်းက ရောဘာ့(ထ်)ခယ်နက်ဒီ လုပ်ကြံခံရပုံနဲ့ အဆုံးသတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ့လုပ်ကြံမှုကြောင့် ကွယ်လွန်သွားလေသူ အထက် လွှတ်တော်အမတ် ရောဘာ့(ထ်)ခယ်နက်ဒီရဲ့ အရုပ်နဲ့ အသံကိုတော့ မူရင်းအတိုင်း ထည့်သွင်း သုံးစွဲထားပါတယ်။
ကျွန်တော် ပြန်ဆိုတင်ပြခဲ့တဲ့ သူ့နောက်ဆုံး မိန့်ခွန်းလေးက ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒီ့စကားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက သူ ပြောသွားခဲ့တာပါ။ ကနေ့ထက်တိုင် သူ့စကားတွေဟာ ကမ္ဘာကြီးအတွက် အသုံးဝင်နေ၊ လတ်ဆတ်နေပါသေးတယ်။ သည်စကားတွေ ပြောပြီးလို့ များမကြာခင် နာရီပိုင်း အတွင်းမှာလည်း သူကိုယ်တိုင် အကြမ်းဖက်မှုရဲ့ သားကောင်ဘဝကို ရောက်သွားခဲ့ပြီး ဇီဝိန်ချုပ်သွားခဲ့ပုံလေးကလည်း သံဝေဂရစချင်စရာ အင်မတန် ကောင်းလှတယ်။
ဘဝမှာ ကျွန်တော်တို့သည်လည်းပဲ အတိုက်အခိုက်ခံခဲ့ရတတ်စမြဲပါပဲ။ လူ့ခန္ဓာကို ထိခိုက်ချင်မှ ထိခိုက်မှာဖြစ်ပေမယ့် ဘဝတစ်ခုလုံး အလဲထိုးခံရတာတွေ၊ နာမည် ဂုဏ်သတင်းကို ထိခိုက်အောင် ထိုးနှက်တာတွေကိုလည်း သူသူကိုယ်ကိုယ် ကြုံရတတ်ပါတယ်။ အဲသလို ထိုးနှက်သူတွေကလည်း ကျွန်တော်နဲ့ ဘဝတူ လူသားတွေ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေကြတဲ့ ညီနောင်သားချင်းတွေပါပဲ။ ကျွန်တော်တို့ နည်းတူ၊ သူတို့မှာလည်း သူတို့ကို မှီခိုနေတဲ့မိသားစုတွေ ရှိပါတယ်။ ကျွန်တော်တို့နည်းတူ သူတို့သည်လည်းပဲ သူတို့ဘဝလေးသူတို့ မရကုပ်ကပ် တည်ဆောက်ထားကြသူတွေပါပဲ။
သို့ပေမယ့် ကျွန်တော်တို့နဲ့သဘောထားချင်း မတိုက်ဆိုင်ခိုက်မှာတော့ ကျွန်တော်တို့သည်လည်း သူတို့နဲ့ ညီနောင်သားချင်းဆိုတာရော၊ ဘဝတူ လူသားတွေသာ ဖြစ်တယ်ဆိုတာကိုပါ မေ့ပြီး ကျွန်တော်တို့ကို ထိုးနှက်တိုက်ခိုက်ဖို့ အားထုတ်တတ်ကြပါတယ်။ တစ်ဖက်က ပြောရင်တော့ သဘောထားကွဲလွဲမှုလေးတစ်ခုကို အကြောင်းပြုပြီး လူနဲ့လူချင်း ရန်တုံ့နှင်းမိတတ်ကြတဲ့ ကျွန်တော်တို့ လူသားများရဲ့ အင်မတိ အင်မတန် လူဆန်တဲ့ သဘာဝလေးလို့ ဆိုနိုင်ပါ လိမ့်မယ်။
ရောဘာ့(ထ်) ခယ်နက်ဒီ သည်စကားကို ပြောလိုက်စဉ်အချိန်က အမေရိကန်နိုင်ငံဟာ ဗီယက်နမ်ကို တိုက်နေချိန်၊ အမေရိကန်စစ်သားတွေ အလုံးအရင်းနဲ့ သေကျေပျက်စီးနေချိန်၊ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင် လူသာ ခင်း(ဂ်)လည်း လုပ်ကြံခံရလို့ တိမ်းပါးသွားချိန်ဖြစ်ပါတယ်။
သူ သည်စကား ပြောခဲ့တာ နှစ် ၄၀ ပြည့်ဖို့ တစ်နှစ်ပဲ လိုပါတော့တယ်။ သို့ပေမယ့် ကနေ့ အမေရိကန်နိုင်ငံသားများရဲ့ ဘဝဟာ ကျီးလန့်စာစား ဘဝမှာပဲ ဆက်လက် တည်ရှိနေသေးသလို အကြမ်းဖက်မှုတွေကလည်း ကမ္ဘာတစ်လွှားမှာ အတောမသတ်သေးပါဘူး။
ကျွန်တော်ကတော့ သူ့မိန့်ခွန်းလေးကို နားထောင်ရင်း ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားမိရလို့ ချကူးလိုက်မိတဲ့အပြင် လုံးစေ့ပတ်စေ့လည်း ဘာသာပြန်ဆိုကာ စာဖတ်သူ လူကြီးမင်းများကို လက်ဆင့်ကမ်း ဖောက်သည်ချမိသွားပါပြီ။ သို့ပေမယ့် ကျွန်တော့်ကိုယ်တွေ့အထွေထွေနဲ့ နှိုင်းယှဉ် ချိန်ထိုးမိတဲ့အခါကျပြန်တော့ လူတစ်ယောက်က ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်သူ တခြားလူတစ်ယောက်အပေါ်မှာ “ဘဝတူ လူသားချင်းပါကလား”ဆိုတဲ့ စာနာထောက်ထားစိတ်ကလေး မွေးဖြစ်ဖို့ဆိုတာ အပြောလွယ်လှသလောက် အကောင်အထည်ဖော်ဖို့ သိပ်များ ခက်နေသလားလို့ စဉ်းစားနေမိရပါတယ်။
စာဖတ်သူ လူကြီးမင်းရော… ၃၁ ဘုံမှာ ကျင်လည်ကုန်သော ဝေနေယျ သတ္တဝါအားလုံးအပေါ်မှာ မိခင်က တစ်ဦးတည်းသောသားအပေါ်မှာ ထားတဲ့ မေတ္တာမျိုးနဲ့ အခါခပ်သိမ်း မေတ္တာထားနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့် ယုံကြည်မိပါသလားလို့ မေးကြည့်ချင်တဲ့ စိတ်ကလေးကလည်း ပေါက်လာပါတယ်။
သူများသာ လျှောက်မေးနေတာ… ခင်ဗျားကကျတော့ရောလို့ ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့… အမှန်အတိုင်းပဲ ဝန်ခံပါ့မယ်ဗျာ။ ကျွန်တော်ဟာ အန္ဓပုထုဇဉ်ဘဝမှာ ကျင်လည်နေဆဲမျှသာမို့ အဲသလောက်တော့ စိတ်သဘောထား မကြီး၊ မေတ္တမပွားနိုင်တာလည်း အသေအချာပါ။ သို့ပေမယ့် ခွေးရိုက်ချင်ရင် ခွေးရှင်မျက်နှာကြည့်ရတယ်ဆိုတဲ့ အခြေခံ နီတိလောက်ကိုတော့ လိုက်နာကျင့်သုံးတတ်တာမျိုးမို့ ကိုယ့်အမျက်ကြောင့် ကိုယ်နဲ့ ကွဲလွဲသူ လူတစ်ဖက်သား တစ်ဦးတစ်ယောက်တည်းသာမက သူ့နောက်က တစ်နွယ်ငင် တစ်စင်ပါတွေပါ နစ်နာကုန်မှာမျိုးကိုတော့ ဝေရာမဏိ ဝေးစွာ ရှောင်ကြဉ်တတ်ပါကြောင်းလောက်တော့ ခပ်ရဲရဲလေးပဲ ဝန်ခံလိုက်ချင်ကြောင်းပါခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၈၀၅၀၇)
၂၀၀၇ ခုနှစ် ဇွန်လအတွင်းက ထုတ်ဝေတဲ့ အတွေးသစ် ဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ပြီး ယနေ့ထုတ် လက်တွဲဖော်စာအုပ်သစ် “မောဟရဲ့ မူလဘူတ”စာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာတစ်ပုဒ်လည်း ဖြစ်ကြောင်းပါ။
On Suicidal Tendencies
မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် စပ်လျဉ်း၍
နိဒါန်း
အင်တာနက်လို့ ခေါ်တဲ့ နိုင်ငံတကာဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ တစ်လောဆီက ရင်နင့်စရာ သတင်းတစ်ပုဒ် ဖတ်ရပါတယ်။ တိုင်းတစ်ပါးမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသူ လူငယ်လေးတစ်ဦးရဲ့ သတင်းပါ။ အဲဒီ့သတင်းက မြန်မာ လူငယ်အများစု အသုံးပြုနေကြတဲ့ အင်တာနက်ပေါ်က လူမှုရေး ကွန်ရက်မှာ ပလူပျံနေသလို ပေးကြတဲ့ မှတ်ချက်တွေက အမျိုးမျိုးဖြစ်နေတဲ့အပြင် တကယ့် အချစ်သူရဲကောင်းတစ်ဦးပမာ တချို့က ရေးသားကြတာတွေလည်း ဖတ်ရတယ်။
သည်မတိုင်ခင် တစ်နှစ် နှစ်နှစ်လောက်တုန်းကလည်း အဲဒီ့ အင်တာနက်ကြီးထဲမှာပဲ၊ နယ်မှာ နေထိုင်သူ လူငယ်လေးတစ်ယောက်ဟာ အချစ်ရေးကိစ္စနဲ့ပဲ မိမိကိုယ်ကို အဆုံးစီရင်တဲ့သတင်းကို ဓာတ်ပုံနဲ့တကွ တွေ့ခဲ့ရဖူးပါသေးတယ်။ အဲတုန်းကလည်း လူမှုရေးကွန်ရက်စာမျက်နှာပေါ်မှာ ဝိုင်းရေးကြတဲ့ မှတ်ချက် အထွေထွေထဲမှာ အားကျစရာ အချစ်သူရဲကောင်းကြီးသဖွယ် ရေးထားကြတာလေးတွေလည်း ဖတ်လိုက်ရပါတယ်။
အဲဒါတွေကို ဖတ်ရတဲ့အခါ စိတ်ထဲ မကောင်းဖြစ်မိရသလို ဒါနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ရေးပြဖို့ လိုအပ်နေပြီဆိုတာလည်း သတိထားမိခဲ့ပါတယ်။ ပထမလူငယ်လေးရဲ့ သတင်းကို ဖတ်ရချိန်ကတည်းက ရေးချင်ခဲ့တာဟာ အခုကျတော့မှ အကောင်အထည်ပေါ်ပါတော့တယ်။
သတိထားသင့်တဲ့ အချက်
တကယ်တော့ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်တာပါပဲ။
လောကဓံကို လူသားတိုင်း ရင်ဆိုင် ကြုံတွေ့ရစမြဲပါ။ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အခြွေအရံများခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း၊ ပိုက်ဆံရှိခြင်း၊ မရှိခြင်း၊ အလိုပြည့်ခြင်း၊ မပြည့်ခြင်း… အားလုံးသော အရာတိုင်းဟာ တကယ်တော့ လောကဓံတွေပါပဲ။ အလားတူပါပဲ၊ ချစ်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခကိုလည်း လူငယ် လူရွယ်အတော်များများ ခံစားရတတ်ပါတယ်။
တစ်နည်းပြောရရင် “သေချင်စော်နံအောင်” စိတ်ညစ်စရာ ကောင်းလှတဲ့ ကာလတွေကို လူသားတိုင်း ရင်ဆိုင်ကြုံတွေ့ကြရစမြဲပါပဲ။ ကလေးတုန်းကလည်း ကလေးအလျောက် အလိုမကျစရာတွေနဲ့ ရင်ဆိုင်ရသလို လူငယ်ဘဝကျတော့လည်း လူငယ်အလျောက် စိတ်သောက ရောက်စရာတွေ တွေ့ကြရတတ်မြဲဖြစ်ကာ အသက်ကြီးလာတော့လည်း ကြီးလာတဲ့အလျောက် စိတ်ဒုက္ခ ခံစားရတတ်တာလည်း ရှောင်လွှဲလို့ မရတဲ့ လူ့ဘဝရဲ့ ဒုက္ခ၊ သုက္ခတွေပဲဆိုတာ စာဖတ်သူ လူကြီးမင်းများ လက်ခံနိုင်ကြမလား မသိဘူးခင်ဗျ။
ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး သေချာ ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ အဲဒါတွေဟာ ယာယီပါ။ အခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ တချို့က စောဒက တက်ချင်ကြပါလိမ့်မယ်။ မဟုတ်ဘူး၊ ကျုပ်မှာဖြင့် တစ်ဘဝလုံး စိတ်ဆင်းရဲခဲ့ရတာ၊ တစ်ဘဝလုံး ဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတာ၊ အဆင်ပြေတယ်၊ ပျော်ရွှင်တယ်ဆိုတာ တစ်ခါဆို တစ်ခါဖူးမျှ မကြုံခဲ့ရဖူးပါဘူးလို့ ပြောကောင်းလည်း ပြောချင်ကြပါလိမ့်မယ်။ ဟုတ်ကဲ့ခင်ဗျာ၊ အဲလို ပြောနေပြီဆိုရင် ကိုယ်ဟာ အခု လောလောဆယ်မှာကို စိတ်ဆင်းရဲနေလို့သာ ဖြစ်ပါတယ်။ သည်ဘဝ၊ သည်အရွယ်၊ သည်စာကို ဖတ်နိုင်တဲ့အထိ နေလာခဲ့ပြီဆိုမှတော့ နာကျင်ခါးသီးစရာတွေနဲ့ချည်း တည်ဆောက်ထားတဲ့ ဘဝမျိုး မဟုတ်လို့သာပါ။
ဘယ်ဟာမှ မတည်မြဲတဲ့ အနိစ္စသဘောနဲ့ တည်ဆောက်ထားတဲ့ သည်လူ့လောကထဲမှာ အပျော်သည်လည်း မတည်မြဲ၊ အလွမ်းသည်လည်း မတည်မြဲ၊ အကောင်းသည်လည်း မတည်မြဲ၊ အဆိုးသည်လည်း မတည်မြဲတတ်တဲ့ သဘာဝနဲ့ချည်းသာမို့ အားလုံးဟာ ယာယီသာဖြစ်ပါတယ်။ အချိန်တန်တော့လည်း ကောင်းတာကိုပဲဖြစ်ဖြစ်၊ ဆိုးတာကိုပဲဖြစ်ဖြစ် ကျော်လွှား လွန်မြောက်သွားနိုင်ခဲ့ကြသူချည်းပါပဲ။
မိမိကိုယ်ကို အဆုံးစီရင်တယ်ဆိုတာကကျတော့ ရှေ့ဆက်လျှောက်နိုင်၊ ကျော်လွှားနိုင်သေးတဲ့ ဘဝခရီးကို မိမိသဘောနဲ့ မိမိ အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ အသက်ဝိဉာဉ် ကင်းမဲ့သွားတဲ့ဘဝကို ရောက်သွားပြီဆိုမှတော့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ကျော်လွှားနိုင်ခြင်းလည်း မရှိတော့သလို ကိုယ် မရခဲ့တာ၊ ကိုယ် မဖြစ်နိုင်ခဲ့တာများထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရယူ ဖန်တီးနိုင်ခွင့်များလည်း ဆုံးရှုံးသွားပါပြီ။ ဘယ်လိုမှ ပြန်လည်ပြုပြင်လို့ မရတတ်နိုင်တော့တဲ့ နည်းနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ယာယီပြဿနာကို စိတ်လိုက်မာန်ပါ ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။
မိမိကိုယ်ကို အဆုံးစီရင်လိုခြင်းဟာ စိတ်ကျန်းမာရေး ပြဿနာ
လူတိုင်းလိုလိုဟာ “သေပဲ သေလိုက်ချင်တော့တယ်”ဆိုတဲ့ စကားမျိုး ပြောဖြစ်တတ်ကြသလို စိတ်ထဲမှာလည်း ခဏတဖြုတ်လောက် သေချင်စိတ် ဖြစ်တတ်ကြပေမယ့် တကယ့်လက်တွေ့မှာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့အထိကကျတော့ စိတ်ကျရောဂါဝေဒနာကိုဖြစ်စေ၊ အစွန်းနှစ်ဖက် စံလွဲမှုလို့ ခေါ်တဲ့ စိတ်ကြွ၊ စိတ်ကျ ရောဂါဝေဒနာကို ဖြစ်စေ ခံစားနေရသူများသာ ဖြစ်တတ်ပါတယ်။ အတိအလင်း ပြောရရင်တော့ သည်လို အမှန်တကယ် လုပ်ဖြစ်သွားခြင်းဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေလို့သာ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေး ချို့ယွင်းတာကို “ရူးတာ”လို့ ရှေးက အနက်ဖွင့်ခဲ့ကြပေမယ့် အခုအခါမှာတော့ စိတ်ကျန်းမာရေး ပြဿနာလို့သာ အနက်ဖွင့်ပါတယ်။ စိတ်ကျရောဂါနဲ့ အစွန်းနှစ်ဖက် စံလွဲမှုတို့ကကျတော့ အများသူငါလိုပဲ စားစား သောက်သောက် သွားသွား လာလာနဲ့ နေထိုင်နေပေမယ့် စိတ်က အလကားနေရင်းကို ညှိုးခြုံးနေ၊ အားငယ်နေ၊ စိတ်ဓာတ်ကျနေတာလည်း အမှန်ပါပဲ။
အဲတော့ ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်သိတဲ့ ကိုယ့်မိဘမောင်ဖား၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေရင်းချာ၊ သူငယ်ချင်းများမှာဖြစ်စေ အဲသလို စိတ်ကျရောဂါ တစ်စုံတစ်ရာ ခံစားနေရတယ်ဆိုရင် ဝမ်းနည်းကြေကွဲနေတဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းကင်းမဲ့ပြီး လမ်းပျောက်နေသလို ခံစားချက်တွေ ပေါ်ပေါက်နေ၊ ပြသနေတတ်ပါတယ်။ အဲလို ခံစားနေရချိန်မှာ ကိုယ့်ကိုယ်ကိုယ် အနာတရ ဖြစ်အောင် လုပ်ချင်စိတ်တွေ၊ မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ အဲဒါကို အင်နဲ့ အားနဲ့၊ သတ္တိရှိရှိနဲ့ ရင်ဆိုင် တုန့်ပြန်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီ့ ယာယီ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်း ကျော်လွှားသွားနိုင်ပြီး ဘဝကို ဆက်လက်လျှောက်လှမ်းသွားနိုင်မှာလည်း အမှန်ပါပဲ။
သည်နေရာမှာ သတိထားသင့်တဲ့ အရေးအကြီးဆုံးအချက်ကတော့ မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များဟာဖြင့်ရင် ကိုယ်ခန္ဓာနဲ့ ဦးနှောက်ထဲက ဓာတ် အပြောင်းအလဲများကြောင့် စိတ်မှာပါ မတည်မငြိမ် ပြောင်းလဲနေတာများနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတစ်ရပ်ရဲ့ လက္ခဏာများသာဖြစ်ပြီး အဲဒီ့ ရောဂါ ဝေဒနာကို ကုသနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီ့လက္ခဏာတွေဟာ စရိုက် ပျက်ယွင်းတာ၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အားနည်းချက်တွေ မဟုတ်ပါဘူး။ ဒါ့အပြင် အဲလို ရောဂါဝေဒနာကို ခံစားနေရသူတစ်ဦးဟာ ကုသမှု မခံယူဘဲနဲ့ ဘယ်လိုနည်းနဲ့မှ သူ့အလိုလို ပျောက်ကင်းသွားမယ့် ရောဂါမျိုးလည်း မဟုတ်ပါဘူး။
စိတ်ကျရောဂါ လက္ခဏာများ
စိတ်ကျရောဂါ၊ ဒါမှမဟုတ် အစွန်းနှစ်ဖက် စံလွဲမှုရဲ့ စိတ်ကျမှု အဆင့်မှာ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
- အလွန်အကျွံ စိတ်ထိခိုက်ခြင်း
- မျှော်လင့်ချက်ကင်းမဲ့ခြင်း
- လေးလံထိုင်းမှိုင်းပြီး ဘာကိုမှ စိတ်မဝင်စားနိုင်တော့ခြင်း
- အစားအသောက် ပျက်ခြင်း (ခံတွင်းပျက်ခြင်း)
- ကောင်းကောင်း အိပ်မရတော့ခြင်း
- လုပ်နေကျ အလုပ်တွေကို လုပ်နိုင်စွမ်း နည်းလာခြင်း
- တစ်ချိန်က ပျော်ရွှင်ခဲ့တဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း (ဆိုလိုတာက အရင်က ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ အားကစားလုပ်တာ စတာမျိုးတွေ လုပ်ရတာ စိတ်ချမ်းသာပေမယ့် အခုကျတော့ အဲဒါတွေကို ဘယ်လိုမှ စိတ်မဝင်စားတော့တာမျိုးပါ။)
ဒါတွေ အားလုံး စုပြီးဖြစ်နေပြီဆိုရင် သည်လက္ခဏာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ သို့ပေမယ့်လည်း စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင်တော့ အဲသလို ဝေဒနာ ခံစားနေရသူအများစုဟာ သည်ဝေဒနာကို ခံစားရတာ သက်သာလာပြီး ဘဝအတွက် အနာဂတ် မျှော်လင့်ချက်တွေနဲ့လည်း ပြန်လည် ပြည့်ဝလာတတ်ပါတယ်။ သက်သာပျောက်ကင်းသွားဖို့လည်း ဖြစ်နိုင်ပါတယ်။
ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရချိန်မှာ ခံစားမှုကို ထိန်းချုပ်စီမံနေတဲ့ အာရုံကြောစနစ်တွေ ပျက်ယွင်းနေပါတယ်။ ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေရသူတစ်ယောက်ဟာ သူ့ဘဝမှာ ကြုံခဲ့ရလေသမျှ အဆိုးတွေကိုသာ အဖန်ဖန် ပြန်တွေးဖြစ်နေသလို ဝမ်းနည်း ကြေကွဲနေ၊ စိတ်ထိခိုက်နေတတ်ပါတယ်။ သည်လိုတွေးတာဟာ စိတ်ဝေဒနာရဲ့ လက္ခဏာသာဖြစ်ပြီး အဲဒီ့လူရဲ့ ပင်ကိုသဘာဝ မဟုတ်ပါဘူး။ စနစ်တကျ ကုသမယ်ဆိုရင်တော့ အဲဒီ့လူဟာ သူ့ဘဝမှာ ကြုံခဲ့ရတဲ့ အကောင်းတွေကို ပြန်လည် သတိရလာနိုင်ပြီး ဘဝအမြင်လည်း ကြည်လင်လာပါလိမ့်မယ်။
မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်ဟာ ကုသလို့ရတဲ့ စိတ်ဝေဒနာ
မိမိကိုယ်ကို အဆုံးစီရင်ဖို့ စတင် စဉ်းစားမိပြီဆိုတာနဲ့ တစ်ပြိုင်နက် သတိထားမိဖို့ အချက်တစ်ချက်ကတော့ သည်စိတ်တွေ၊ သည်အတွေးတွေဟာ ကုသလို့ ရတဲ့ ကျန်းမာရေး ချို့ယွင်းမှုကြောင့်သာ ဖြစ်နေတယ်ဆိုတာပါပဲ။ ကုသပေးမယ့် ဆရာဝန်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြန်အလှန်ပြောဆို အသိပေးခြင်းဟာ သည်အချိန်မှာ အင်မတန် အရေးကြီးလှပါတယ်။ ကိုယ့်အဖြစ်၊ ကိုယ့်ခံစားချက်တွေကို ပြောပြလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကိုယ့်ကိုများ ရှောင်ဖယ်သွားမလားဆိုတဲ့ အတွေးတွေနဲ့ ရှက်နေ ရွံ့နေလို့ လုံးလုံး မဖြစ်ပါဘူး။ ဒါ့ကြောင့် အဲသလို စိတ်ခံစားမှု စဖြစ်ပြီဆိုတာနဲ့ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ လိုအပ်ပါတယ်။ မဆိုင်းမတွ လုပ်ရမယ့် အလုပ်ပါ။
မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ စိတ်ကျရောဂါဝေဒနာများနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို နားမလည်သူ၊ သဘောမပေါက်သူများနဲ့ ပြောမိဆိုမိမယ်ဆိုရင်တော့ စကားဆက်ပြောလို့ မရတတ်နိုင်တော့သလို သည်လို ဝေဒနာ ခံစားနေရသူအတွက်လည်း အခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် သည်လိုအချိန်မျိုးမှာ ကိုးစား ယုံကြည်နိုင်ပြီး ကိုယ့်ရင်ထဲမှာ ရှိသမျှ မခြွင်းမချန် ဖြောင့်ဖြောင့်မှန်မှန် ပြောပြနိုင်သူတစ်ယောက်ကို ရှာဖွေနိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူများကတော့ သည်နေရာမှာ အကောင်းဆုံး အကူအညီပေးနိုင်ကြသူများပါပဲ။
မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များကို ဘယ်လို ကုစားမလဲ
ကိုယ့်စိတ်၊ ကိုယ့်အတွေးတွေကို နေ့စဉ်မှတ်တမ်းမှာဖြစ်ဖြစ်၊ ဗလာစာအုပ် တစ်အုပ်မှာဖြစ်ဖြစ် ချရေးထားသင့်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ၊ ကိုယ့်ဘဝမှာ တန်ဖိုးထားရသူတွေကို နေ့စဉ်ရေးသားသွားရပါလိမ့်မယ်။ ကိုယ် ဘာ့ကြောင့် အသက်ရှင် ရပ်တည်နေတယ်၊ ကိုယ့်ဘဝက ဘာ့ကြောင့် အရေးကြီးတယ်ဆိုတာ အဲဒါတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနိုင်ပါတယ်။
မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားသွားလာလာ နေထိုင်ဖို့လည်း လိုတယ်။ ကျန်းမာ ရွှင်လန်းနေချိန်မှာ မိသားစုတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းရတာကို ကျွန်တော်တို့တွေ သာယာကြ၊ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျနေ၊ စိတ်ဆင်းရဲနေချိန်မှာတော့ အဲသလို နေချင်စိတ်က အလိုလို ပျောက်နေတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ နေတာဟာ သည်လို စိတ်ဓာတ်ကျနေချိန်မျိုးမှာ အလွန် အရေးကြီးပါတယ်။ ကိုယ့်ကို ဂရုစိုက်သူ၊ နားလည်ပေးတတ်သူ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေဆီ သွားတာ၊ သူတို့က ကိုယ့်ဆီ လာလည်တာများဟာ ကိုယ့်စိတ်ကို သက်သာလာစေနိုင်ပါတယ်။
သည်လိုအချိန်မျိုးမှာ မူးယစ်ဆေးဝါးများနဲ့ အရက်သေစာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးရမှု အများစုဟာ ရုတ်တရက် ပေါ်ပေါက်လာပြီး ဘယ်လိုမှ ထိန်းလို့ မရနိုင်တော့တဲ့ စိတ်ရိုင်းဝင်ပြီး ထလုပ်လိုက်လို့ ဖြစ်ကုန်ရတာပါ။ အဲသလို ထိန်းလို့မရတဲ့ စိတ်ကို မူးယစ်ဆေးများနဲ့ အရက်သေစာတို့က ပေါ်ပေါက်စေနိုင်တာမို့ စိတ်ဓာတ်ကျနေချိန်မှာ ဒါတွေကို ရှောင်ကြဉ်ဖို့က အသက်တမျှ အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ စိတ်ကျရောဂါအတွက် ကုသမှု ခံယူနေပြီး ဆေးသောက်နေတယ်ဆိုရင်လည်း အရက်သေစာနဲ့ မူးယစ်ဆေးဝါးက အဲဒီ့ဆေးများရဲ့ အာနိသင်ကို ပျက်ယွင်းသွားစေနိုင်ပါသေးတယ်။
မိမိကိုယ်ကို အဆုံးစီရင်မယ့် အချက်ပေးလက္ခဏာတွေ
တစ်ခါတလေကျရင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ကျွမ်းကျင်သူများတာင်မှ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အဆုံးစီရင်လိုစိတ် ဘယ်လောက်အထိ ပြင်းပြနေပြီလဲဆိုတာ အသိရ ခက်နေတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းတစ်ယောက်သာဆိုရင်လည်းပဲ သည်အချက်ကို လွယ်လွယ်နဲ့ မသိရနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူမှာ ပြဿနာ ရှိနေတယ်၊ သူ့ကိုယ်သူ အဆုံးစီရင်မယ့် အလားအလာမျိုး ရှိနေတယ်လို့ သံသယ ရှိလာတဲ့အခါ သူ့ကို ပွင့်ပွင့်လင်းလင်း မေးသင့်သလို ကိုယ့်စိတ်ထဲမှာ ကြောင့်ကြနေတဲ့ သူ့အပြုအမူတွေကိုလည်း တိတိပပ ထောက်ပြသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့အတွက် ကိုယ် စိုးရိမ်မကင်းဖြစ်ရတာ၊ သူ့ကို ကိုယ် ချစ်တာ၊ ခင်တာကိုလည်း သူ ပြန်သတိထားမိလာအောင် ပြောပြပေးဖို့ လိုပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အကြောင်း ပြောဆိုဆွေးနွေးရုံနဲ့တော့ တစ်ဖက်သားရဲ့ စိတ်ထဲမှာ အဆုံးစီရင်လိုစိတ် ဖြစ်သွားမှာ မဟုတ်ပါဘူး။ လိုအပ်ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးနိုင်သလို သူ့ဘာသာသူ တစ်ယောက်တည်း သွားဖို့ အခက်တွေ့နေတယ်ဆိုရင်လည်း အဖော်လိုက်ပေးပါ့မယ်ဆိုတဲ့ စကားမျိုး ပြောပြနိုင်ပါတယ်။ သူဟာဖြင့်ရင် သူ့ကိုယ်သူ တစ်ခုခု လုပ်တော့မယ်လို့ ကိုယ့်စိတ်ထဲမှာ တအား ယုံကြည်နေပြီဆိုရင်တော့ သူ့ကို လုံးလုံး တစ်ယောက်တည်း မထားခဲ့တော့ဘဲ ဆရာဝန်တစ်ဦးဦးဆီကို ဖြစ်စေ၊ အရေးပေါ်ကိုဖြစ်စေ မဆိုင်းမတွ ခေါ်သွားဖို့ လိုပါလိမ့်မယ်။
တခြားသူဆီမှာ တွေ့ရနိုင်တဲ့ အချက်ပေး လက္ခဏာတွေကတော့ အောက်ပါတို့အတိုင်းပါပဲ။
- တစ်ချိန်လုံး စိတ်ပျက်လက်ပျက်ဖြစ်နေတာ၊ မျှော်လင့်ချက် ကင်းမဲ့နေတာ။ (စိတ်ကျရောဂါကို မကုသဘဲ ထားခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖြစ်သွားစေတဲ့ အဓိက အကြောင်းတစ်ရပ်ပါ။)
- မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရောရောနှောနှော မနေတော့ဘဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်လာတာ။
- ကူမယ့်သူ ဝေးနေတယ်၊ ကယ်မယ့်သူ မရှိဘူးလို့ ခံစားနေရတာ။
- တရားလွန် ဒေါသတွေ ကြီးနေတာ၊ ပေါက်ကွဲနေတာ။
- ချောင်ပိတ်မိသလို ခံစားနေရတာ၊ မွန်းကျပ်နေတာ။ သည်အခြေအနေကနေ ဘယ်လိုမှ လွတ်လမ်း မရှိတော့သလို ခံစားနေရတာ။
- ခံစားမှုက အခု တစ်မျိုး တော်ကြာ တစ်မျိုး သိသိသာသာနဲ့ လှုပ်လှုပ်ခတ်ခတ် ပြောင်းလဲနေတာ။ ဆိုလိုတာက ဝမ်းနည်းရင်လည်း မျက်ရည်တွေ တအားကျ၊ ရယ်ရင်လည်း ခွက်ထိုးခွက်လှန်၊ ဒေါသဖြစ်ရင်လည်း ထိန်းမရတော့တဲ့အထိ အားတိုင်း ဖြစ်နေတာ။
- စရိုက်ပြောင်းလာတာ။ အရင်က ခပ်အေးအေးနေသူက အခုကျတော့ စွာလောင် စွာလောင်ဖြစ်လာတာမျိုး၊ အရင်က စကားဖောင်တတ်သူက အခုကျတော့မှ ငြိမ်နေတတ်တာမျိုးပါ။
- စိတ်လိုက်မာန်ပါ ကောက်ကာငင်ကာ ထလုပ်တတ်လာတာ။
- အလုပ်အကိုင်မှာဖြစ်စေ၊ ကျောင်းစာမှာဖြစ်စေ အရင်ကလို မဟုတ်တော့ဘဲ လုပ်ရည်ကိုင်ရည် ကျဆင်းလာတာ။
- အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းတွေကို သူများကို ပေးပစ်တာ။
- သေတမ်းစာ ရေးလာတာ။
- ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ တရားလွန် ခံစားနေတာ၊ ဒါမှမဟုတ် တရားလွန် ရှက်နေတာ။
- ဘာကိုမှ သိပ်မဆင်ခြင်တော့တာ။
- စိတ်ကျနေသူများဟာ သူတို့နဲ့ အရင်းနှီးဆုံး၊ သူတို့ အယုံကြည်ဆုံးတွေကို သူတို့ရဲ့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ခံစားချက် အပြင်းစားတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မယုံမရဲ ဖြစ်နေတာတွေကို ဖွင့်အန် ပြောပြတတ်ကြပါတယ်။ အဲဒီ့ခံစားချက်တွေ ပြင်းထန်လွန်းလေလေ၊ “မခံစားနိုင်တော့ဘူး”ဆိုတဲ့ စကားလုံးကိုလည်း သူတို့တွေ ပိုသုံးတတ်ကြလေဖြစ်သလို အဲသလို ပြင်းထန်နေလေလေ မိမိကိုယ်ကို အဆုံးစီရင်ပစ်လိုက်လိုစိတ်များကလည်း သူတို့ရဲ့ အတွေးထဲမှာ လွှမ်းမိုးနေလေလေ ဖြစ်တတ်ပါတယ်။
- ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လက်စသတ်တာ။ သူ မရှိတော့တဲ့အခါ သူ့မိသားစု အဆင်ပြေရေးအတွက် လုပ်စရာရှိတာတွေကို လုပ်ပေးဖို့ ပြင်ဆင်နေပြီဆိုရင် အဲဒီ့လူဟာ မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ ပြင်ဆင်နေတဲ့ အလားအလာက အတော်များနေပြီလို့ ဆိုနိုင်ပါလိမ့်မယ်။
- မိမိကိုယ်ကို အဆုံးစီရင်နိုင်မယ့် နည်းလမ်းတွေကို အလေးအနက် အသည်းအသန် ပြောဆို ဆွေးနွေးနေပြီဆိုရင်လည်းပဲ အဲလိုလုပ်ဖို့ အလားအလာက အတော်များနေပြီလို့ တွက်ဆနိုင်ပါတယ်။ အဲလို မိမိကိုယ်ကို အဆုံးစီရင်ချင်တဲ့စိတ်က ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့တိုင် အဲလို ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ရုတ်တရက် မိမိကိုယ် မိမိ အဆုံးစီရင်ရာမှာ လွယ်ကူသွားစေနိုင်ပါတယ်။
- စိတ်ကျရောဂါ ပြင်းထန်လာတဲ့သူတစ်ယောက်ဟာ မူးယစ်ဆေးကိုဖြစ်စေ၊ အရက်သေစာကိုဖြစ်စေ အလွန်အကျွံ သုံးစွဲလာတတ်ပါတယ်။ ဒါလည်း သတိထားရမယ့် လက္ခဏာတစ်ရပ်ပါပဲ။
- စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်ဟာ ရုတ်တရက်ကြီး ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်းလို ဖြစ်သွားချိန်ဟာလည်း စိုးရိမ်ရချိန်ပါပဲ။ အမှန်တော့ ပြန်ကောင်းတာမဟုတ်ဘူး။ သူ့ကိုယ်သူ အဆုံး စီရင်တော့မယ်လို့ ပိုင်းဖြတ်ပြီးသွားချိန်မှာ အားလုံးကို စိတ်လျှော့လိုက်ပြီး ဟန်ဆောင်လိုက်တာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျ ရောဂါဝေဒနာ ခံစားနေရသူတစ်ယောက် ရုတ်ချည်း ပြန်ကောင်းသွားသလို ဖြစ်သွားချိန်မှာလည်း အထူး သတိထားသင့်ပါတယ်။
စိတ်ကျရောဂါဝေဒနာကနေ အလျင်အမြန် ပြန်ကောင်းလာခြင်းဟာ မိမိကိုယ်မိမိ အဆုံးစီရင်မယ့် အလားအလာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ စိတ်ကျရောဂါ သက်သာသွားပြီဆိုတာနဲ့ အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာသလို ကြိုတင်အကွက်ချ စီစဉ်နိုင်တဲ့ စွမ်းအားတွေလည်း ပြန်လည် ခိုင်မာလာပါတော့တယ်။ သည်မှာတင် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ပြန်လည် ကြိုးစားတတ်ကြတော့တာပါ။ သုတေသနများအရဆိုရင် စိတ်ကျရောဂါကို ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူပြီးတဲ့နောက် ခြောက်လကနေ ၁၂ လတာအတွင်းမှာ အဲဒီ့လူနာတွေဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ စဉ်းစားဖြစ်စေနိုင်တဲ့ အလားအလာရှိပါသတဲ့။
နိဂုံး
တချို့သူတွေကျတော့လည်း အဲဒီ့ အချက်ပေး လက္ခဏာတွေ တစ်ခုဆို တစ်ခုမှ မပြဘဲ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားတတ်တာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် ၇၅ ရာခိုင်နှုန်းကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်ပေး လက္ခဏာ တချို့ကို ပြခဲ့ကြတာချည်းပါပဲ။ ဒါ့ကြောင့် သည်လက္ခဏာတွေကို လူတိုင်း သိထားသင့်တယ်လို့ ယူဆပါတယ်။ သိထားမှလည်း ကိုယ်ကိုယ်တိုင်မှာဖြစ်ဖြစ်၊ တခြားသူတစ်ယောက်မှာဖြစ်ဖြစ် မိမိကိုယ်ကို အဆုံးစီရင်မယ့် အလားအလာ ရှိနေပြီဆိုရင် ဖျတ်ခနဲ တန်းသိနိုင်မှာပါ။
လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါတယ်။ မိမိကိုယ်ကို အဆုံး စီရင်လိုစိတ်ပေါက်နေသူတစ်ဦးကို အပြစ်တင်ရတာ၊ ကဲ့ရဲ့ရတာ၊ ရှုံ့ချရတာက အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ ရောဂါ ဝေဒနာတစ်ခုကို ခံစားနေရသူပါလားဆိုတာ နားလည် သဘောပေါက်ပေးနိုင်မယ် ဆိုရင်တော့ သူ့ကို အပြစ်တင်၊ ကဲ့ရဲ့၊ ရှုံ့ချ၊ ဝေဖန်ဖို့ထက် သူ့ရောဂါဝေဒနာ သက်သာအောင် ကိုယ့်ဘက်က တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးနိုင်ဖို့ စဉ်းစားမိကြမယ်လို့ မျှော်လင့် ယုံကြည်နေမိပါတယ်။
တချို့တွေက မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းရဲ့ အခြေခံ သဘောကို သတိ မထားမိကြတဲ့အတွက် ဝေဖန်ချက် အမျိုးမျိုး ပြောမိ၊ ပြုမိနေမိကြတာပါ။ သည် စိတ်ဝေဒနာရဲ့ သဘာဝကို သတိထားမိကြပြီဆိုရင်ဖြင့် ကိုယ့်ပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ အထောက်အကူပြုသွားနိုင်ကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးသား တင်ဆက်လိုက်ပါတယ်။
သည်စာမှာ အဓိက အချက်နှစ်ချက်ပါပါတယ်။ အဲဒါလေးက သည်စာရဲ့ အနှစ်ချုပ်မို့ နိဂုံးမှာ ပြန်ကောက်ပြပါရစေ။
(၁) မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဟာ ယာယီ ပြဿနာကို ဘယ်တော့မှ ပြင်လို့ မရနိုင်တဲ့ နည်းနဲ့ ဖြေရှင်းတာပါ။
(၂) မိမိကိုယ်မိမိ အဆုံး စီရင်လိုစိတ်များဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
ရန်ကုန် – ၁၀၁၂၁၁
အကိုးအကား –
- http://www.sucide.org/
- http://www.medicinenet.com/suicide/article.htm
- http://helpguide.org/mental/suicide_prevention.htm
(၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် “သရဖူ” မဂ္ဂဇင်းမှာ ဖော်ပြထားတာကို ပြန်လည် တင်ဆကိလိုက်တာပါ။ ကူးယူဖော်ပြထားတဲ့ သရဖူ သရုပ်ဖော်ပုံများကို ဆရာ“ဇော်မောင်” ရေးဆွဲတာဖြစ်ပါတယ်။)
A smart dog and a foolish man
ခွေးလိမ္မာနဲ့ လူမိုက်
ခွေးတစ်ကောင် ဆိုင်ထဲ ဝင်လာတော့ အသားသည်လည်း မျက်လုံးပြူးသွားတယ်။ ဒါပေမယ့် ခဏနေတော့ ခွေးက ပြန်ဝင်လာတယ်။ မောင်းထုတ်တော့လည်း မသွားဘူး။ ပေပြီး ရပ်နေတာမို့ အသားသည်လည်း ခွေးနားကို သွားကြည့်လိုက်တော့ ခွေးရဲ့နှုတ်သီးမှာ စာရွက်တစ်ရွက် တွေ့ရပါလေရော။
ဒါနဲ့ အဲဒီ့စာရွက်ကို ဆွဲယူကြည့်လိုက်တော့ “မိုးခိုသား အစိတ်သားနဲ့ ပေါင်သား ငါးဆယ်သားရောင်းပါခင်ဗျာ။ ကျွန်တော့် ခွေးရဲ့ပါးစပ်ထဲမှာ ပိုက်ဆံ ထည့်ပေးလိုက်ပါတယ်” တဲ့။
အသားသည်လည်း ပါးစပ်အဟောင်းသားနဲ့ ခွေးကို လှမ်းကြည့်လိုက်တော့ ခွေးကလည်း သူ့ပါးစပ်ကို ဖြဲပြတယ်။ ဟုတ်ပ၊ အထဲမှာ ဆယ်ဒေါ်လာတန် ငွေစက္ကူတစ်ရွက်။
ဒါနဲ့ ပိုက်ဆံကိုယူ၊ မိုးခိုသားနဲ့ ပေါင်သားကို စာရွက်ထဲကအတိုင်း ချိန်တွယ်ပြီး အိတ်တစ်လုံးထဲထည့်၊ ပြီးတော့ ခွေးရဲ့နှုတ်သီးရှေ့မှာ တပ်ပေးလိုက်တော့ ခွေးကြီးက အသာအယာ ကိုက်ချီလိုက်တယ်။
ခွေးကြီးကို ကြည့်ပြီး အသားသည်က အရမ်းသဘောကျနေပြီ။ လိမ္မာ လိုက်တဲ့ခွေး။
ဆိုင်ကလည်း သိမ်းဖို့အဆင်သင့်ဖြစ်နေတာနဲ့ အတော်ပါပဲ။ အသားသည်လည်း ဆိုင်ကို တစ်ခါတည်း တန်းပိတ်ပြီး အဲဒီ့ ခွေးနောက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ခွေးကလည်း ခပ်အေးအေးပဲ။ လူသွားစင်္ကြံပေါ်ကနေ လျှောက်သွားနေတယ်။ လမ်းဆုံလမ်းခွရောက်တော့ ခွေးက အချက်ပြမီးတိုင်ကို လှမ်းကြည့်လိုက်တယ်။ လူရုပ်ကလေးမှာ မီးလေးနီနေတယ်။ လမ်းကူးလို့ မရသေးဘူး ဆိုတဲ့ အထိမ်းအမှတ်ပေါ့။ အသားသည်လည်း အသာ ရပ်ကြည့်နေလိုက်တယ်။ လူရုပ်ကလေး မီးစိမ်းသွားတော့မှ ကိုရွှေခွေးကလည်း လမ်းဖြတ်ကူးတော့တယ်။ အသားသည်ကလည်း နောက်က တကောက်ကောက်။
သည်လိုနဲ့ ဘတ်(စ်)ကားဂိတ်ကို ရောက်လာကြတယ်။ ကားတွေ တစ်စီးပြီး တစ်စီး လာတယ်။ နံပါတ်ပေါင်းစုံ၊ အရပ်ပေါင်းစုံကို သွားမယ့် ကားတွေ။ ခွေးကလည်း ကားနံပါတ်တွေကို ကြည့်နေတယ်။ နောက်ဆုံးမှာတော့ ကားတစ်စီးပေါ်ကို ခွေးက တက်လိုက်တော့ အံ့ဩလို့ မဆုံးဘဲ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ အသားသည်လည်း အဲဒီ့ ကားပေါ် လိုက်တက်သွားပါတော့တယ်။
ကားက ချောင်နေတော့ ကိုရွှေခွေးကလည်း ပြတင်းနားက ခုံတစ်လုံး ပေါ်မှာ အကျအန တက်ထိုင်လိုက်တယ်။ ဘတ်(စ်)ကားကလည်း မြို့ထဲက ပတ်မောင်းရင်း တဖြည်းဖြည်းနဲ့ ဆင်ခြေဖုံးကို ရောက်လာတယ်။ ကိုရွှေခွေးကလည်း လမ်းဘေးကို ငေးလို့။
တစ်နေရာ ရောက်တော့ ခွေးက နေရာက ထတဲ့ပြီး ကားရှေ့ခန်းက ထွက်ပေါက်ဆီသွားတယ်။ ပြီးတော့ နောက်ခြေနှစ်ဖက်ပေါ် ပတတ်ရပ်လို့ ရှေ့မှတ်တိုင်ပါတယ်လို့ အချက်ပေးတဲ့ လျှပ်စစ်ခေါင်းလောင်းခလုတ်ကို ရှေ့လက်တစ်ဖက်နဲ့ နှိပ်လိုက်တယ်။ အသားသည်လည်း ခွေးနောက်က ထပ်ကြပ်မကွာ။
သည်လိုနဲ့ အိမ်တစ်လုံးရှေ့ကို ရောက်သွားတယ်။ ခွေးက အိမ်အဝင် လှေကားထစ်ပေါ်မှာ အသားထုပ်ကို ချတယ်။ ပြီးတော့ နောက်ကို နည်းနည်း ပြန်ဆုတ်ပြီး အရှိန်ယူတယ်။ ပြီးတော့မှ တအားပြေးတဲ့ပြီး တံခါးကို သူ့ကိုယ်လုံးနဲ့ တိုက်ဖွင့်ဖို့ကြိုးစားပါတော့တယ်။ တစ်ချီလည်းမပွင့်၊ နှစ်ချီ လည်းမပွင့်၊ သုံးချီလည်း မပွင့်တော့မှ ခွေးလည်း တံခါးကို ပြေးတိုက်ပြီး ဖွင့်ဖို့ ကြိုးစားနေတာကို ရပ်လိုက်တယ်။ ပြီးတော့ အိမ်ဘေးကို သွားတယ်။ အဲ… ပြီးတော့မှ စောစောက သူဖွင့်လို့ မရတဲ့ တံခါးဝမှာ ငုတ်တုတ်ကြီး ထိုင်စောင့်နေပါတော့တယ်။
အသားသည်ကြီး အသာရပ်ကြည့်နေတုန်းမှာပဲ အိမ်တံခါးက ပွင့်လာတယ်။ တံခါးဖွင့် ပေးတဲ့သူက လူဝကြီးတစ်ယောက်။ တံခါး ဖွင့်ပြီးပြီးချင်းမှာပဲ အဲဒီ့လူဝကြီးက ခွေးကို ဆဲဆိုရုံတင်မက ခြေထောက်နဲ့ပါ လှိမ့်ကန်နေတော့တယ်။
အသားသည်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ သူတို့အနားကို အပြေး ရောက်သွားပြီး လူဝကြီးကို တားမိတယ်။
“နောင်ကြီး ဘယ်လိုလုပ်လိုက်တာလဲဗျာ။ နောင်ကြီးရဲ့ခွေးက အင်မတန် ကို လိမ္မာတဲ့ခွေး၊ ရှာမှ ရှားတဲ့ ခွေးပါဗျာ။ ဒါကိုပဲ နောင်ကြီးက ဘာလို့ ဆဲဆို ကန်ကြောက်နေရတာတုံးဗျာ…”
လူဝကြီးက အသားသည်ကို ပြန်ပြောတယ်။
“ဘာ လိမ္မာတဲ့ ခွေးလဲဗျ။ ဘာ ရှာမှ ရှားတဲ့ ခွေးလဲဗျ။ ခင်ဗျား ဘာသိလို့တုံး။ သည်တစ်ပတ်ထဲမှာတင် သည်ကောင် အိမ်သော့ မေ့ပြီး ကျုပ်ကို လာလာနှိုးရတာ နှစ်ခါရှိနေပြီ” တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ စာဖတ်သူ လူကြီးမင်း ပြုံးများ ပြုံးမိသွားသလား။ အပြုံး မစောစေချင်သေးဘူးဗျာ။
မယုံရင် ပုံပြင်မှတ်ဆိုတဲ့အတိုင်း ကျွန်တော်လည်း ပုံပြောမိသွားတာပါ။ ဒါပေမယ့် ပုံပြင်တို့ရဲ့ ထုံးစံအတိုင်း နောက်ကွယ်မှာ စဉ်းစားစရာတွေက အပုံကြီး ကျန်နေပါတယ်။
တကယ်တော့ ဒါဟာ “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ သဘောကို ပြဆိုတဲ့ ပုံပြင်လေးပါပဲ။ လူအတော်များများဟာ ကိုယ့်မှာရှိနေတာလေးတွေနဲ့ မရောင့်ရဲနိုင်ကြဘူး။ အထူးသဖြင့် တစ်ဖက်သားက ပေးနိုင်သလောက်ပေး နေတာ၊ လုပ်နိုင်သလောက်လုပ်နေတာကိုလည်း မတင်းတိမ်နိုင်ကြဘူးဆိုတာကို သည်ပုံပြင်လေးက ပြဆိုနေပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပုံပြင်ထဲက လူဝကြီးလို မိဘတွေ၊ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ၊ အလုပ်ရှင် အလုပ်သမားတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ဖက်သားက လုပ်နိုင်သလောက် လုပ်ပေးနေပါလျက်ကနဲ့ အကောင်းမမြင်နိုင်တဲ့သူတွေ၊ မတင်းတိမ်နိုင်တဲ့သူတွေထဲမှာ ကျွန်တော်လည်း တစ်ခါတစ်ရံ ပါနေတတ်သလို စာဖတ်သူလူကြီးမင်းလည်း တစ်ခါမဟုတ် တစ်ခါတော့ ပါခဲ့ဖူးမှာပါ။ ပုံပြင်လေး ဖတ်ပြီး အဆုံးမှာပြုံးမိပေမယ့် တကယ်တမ်းမှာ ကိုယ်ကိုယ်တိုင်လည်း ပုံပြင်ထဲက လူဝကြီးလိုပဲ ပြုမူ ကျင့်ကြံခဲ့ဖူးတဲ့ အကြိမ်ပေါင်းများစွာကိုတော့ မေ့လျော့နေမိပါလိမ့်မယ်။
လူတွေဟာ ဘာကြောင့် အဲသလို ဖြစ်နေတာလဲလို့ စေ့စေ့တွေးကြည့်ရင် ရေးရေးပေါ်လာပါလိမ့်မယ်။ တကယ်တော့ “ကိုယ့်အလို၊ ကိုယ့်ဆန္ဒ” ဆိုတာကိုသာ တစ်သမတ်တည်း ဦးစားပေးမိကြလို့သာ အဲသလို ဖြစ်နေကြရတာပါ။ “ကိုယ့်အလို၊ ကိုယ့်ဆန္ဒ”ကို ခဏဘေးချိတ်ပြီး “သူတစ်ပါး” ဆိုတာကို စဉ်းစားလိုက်မယ်ဆိုတာနဲ့ တစ်ပြိုင်နက် ဘဝမှာ ပိုမိုတိုးတက် ဖြစ်ထွန်းလာတာကိုလည်း တွေ့နိုင်ပါတယ်။
စိတ်ချမ်းသာနေတဲ့သူ၊ ကြီးပွားအောင်မြင်နေတဲ့သူတွေ အားလုံးဟာ “ကိုယ့်အလို၊ ကိုယ့်ဆန္ဒ”ထက် “တစ်ပါးသူများရဲ့ အရည်အသွေး အစွမ်းအစတွေ” ကို အာရုံ စိုက်တတ်၊ အသုံးချတတ်၊ ခန့်ခွဲတတ်သူတွေချည်း ဖြစ်နေတာကို သတိထားကြည့်ရင် မြင်လာပါလိမ့်မယ်။ ဒါတင်မကသေးဘူး။ စိတ်ချမ်းသာနေတဲ့သူ၊ ကြီးပွားအောင်မြင်နေတဲ့သူတွေ အားလုံးဟာ ကိုယ့်အလုပ်အပေါ်မှာ သစ္စာရှိရှိ၊ ရိုရိုသေသေနဲ့ စေတနာထားပြီး ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် “လောဘဇော” ဆိုတာကို ရှေ့တန်း မတင်ဘဲ ကိုယ့်အရည်အချင်း အစွမ်းအစနဲ့ ကိုယ့်လုပ်ရည်ကိုင်ရည်ကိုသာ အပြည့်အဝ အသုံးချသူများသာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အောင်မြင် ထွန်းပေါက်နိုင်တာပါ။
ကျွန်တော် ပြန်ပြောပြတဲ့ ပုံလေးကို အခါမလပ် သတိရနေကြမယ် ဆိုရင်တော့ စာဖတ်သူ လူကြီးမင်းလည်း ဘဝမှာ ဆထက်ထမ်းပိုး တိုးပြီး စိတ်ချမ်းသာလာမယ်လို့ ကျွန်တော်ကတော့ မမှိတ်မသုန် ယုံပါတယ်။ “အဲသည့် အတိုင်းယုံလိုက်ပါ စာဖတ်သူ လူကြီးမင်းရယ်”လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ စာဖတ်သူ လူကြီးမင်းမှာလည်း ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ကိုယ်ပိုင်အသိတွေ ရှိနေတာပဲ။ ကျွန်တော်ပြောတာ နည်းလမ်းကျ/မကျ၊ ယုတ္တိတန်/မတန် ကိုယ်ပိုင်ဉာဏ်နဲ့သာ ဆင်ခြင်ကြည့်တော်မူကြပါတော့ ခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၂၀ဝ၂ ခုနှစ် ဩဂုတ် ၈ ရက်ထုတ် “အတွေးသစ်ဂျာနယ်” အတွဲ ၂ အမှတ် ၉၄ တွင် ဖော်ပြခဲ့ပြီး
လက်တွဲဖော်စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၁၆၁၀/၂၀၀၃(၁၁) နဲ့ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ
ထုတ်ဝေခဲ့တဲ့ “ဘ၀တူရိယာ” စာအုပ်ထဲမှာ ပြန်လည်ဖော်ပြထားတဲ့ စာတစ်ပုဒ်ပါ။)
ကျိန်စာ – သည် ဘလော့(ဂ်)ပေါ်က စာတွေကို လင့်(ခ်)လည်း မချိတ်၊ မူရင်းစာရေးသူနဲ့ စာအုပ်စာတမ်းတွေကိုလည်း မဖော်ပြဘဲ လိုချင်တာလေးတွေသာ ကွက်ပြီး cut & paste လုပ်ကာ ကူးကြသူတွေ စိတ်ဝင်စားစရာ အခုထက် ပိုပေါတဲ့ လောကမှာ အဖန်ဖန် လူပြန်ဖြစ်ကြပါစေသတည်း။
Women’s Talk
ကမ္ဘာကျော်ကြီးပေမယ့်
မိတ်ဆွေတစ်ယောက်ဆီက လက်ဆင့်ကမ်းလာတဲ့ ကြော်ငြာလေးတစ်ခု ဓာတ်ချောစာကနေ ဝင်လာတယ်။
ဖတ်ကြည့်လိုက်တော့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုက ကမကထလုပ်ပြီး ကျင်းပမယ့် “အမျိုးသမီးများရဲ့ စကားဝိုင်း” အစီအစဉ်ပါတဲ့။
အဲဒီ့အစီအစဉ်မှာ ပြောမယ့်သူတစ်ယောက်ကြောင့် ကျွန်တော် မျက်လုံးပြူးသွားရပါတယ်။ သူကတော့ ဗြိတိသျှ ရုပ်ရှင်မင်းသမီး အကျော်အမော် အယ်မာ ထော(မ်)ဆင်(န်) ဖြစ်နေပါတယ်။ သူ့ နာမည် မြင်လိုက်တာနဲ့ ခေါင်းထဲမှာ ပေါ်လာတာက “ဂျိန်း အော် စထင်(န်)” ရဲ့ ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ Sense and Sensibility ပါပဲ။ အဲဒီ့ဝတ္ထုကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် သည်မင်းသမီးကိုယ်တိုင်က ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
အဲဒီ့ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ညွှန်း အော်စကာဆုကို သူက ဆွတ်ခူးရရှိခဲ့တဲ့အပြင် အော်စကာဆုမဟုတ်ပေမယ့် BAFTA လို့ လူသိများတဲ့ “ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အနုပညာ ဗြိတိသျှ အကယ်ဒမီ“က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း အဲဒီ့ကားနဲ့ပဲ ရခဲ့ပါသေးတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သလို Howards End ဆိုတဲ့ ဇာတ်ကားနဲ့လည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အော်စကာဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ တိုတိုပြောရရင် အောင်မြင်ထင်ရှားတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးပေါ့။
အဲဒီ့မင်းသမီးက သည်အခမ်းအနားမှာ စကားပြောမယ်ဆိုတော့ ကျွန်တော်လည်း အလွန်စိတ်ဝင်စားသွားတယ်။ ကမ္ဘာကျော် မင်းသမီး တစ်ယောက်ကို အပြင်မှာ မြင်ဖူးဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးတာမျိုးပါ။ အခုတော့ ကိုယ့်တိုင်းပြည်ထဲကလည်း တစ်လက်မမှ မထွက်ရဘဲ သူလို မင်းသမီးကို မြင်တွေ့နိုင်တဲ့အခွင့်အရေးမို့ လက်လွတ်မခံတော့ဘဲ သက်ဆိုင်တဲ့ တာဝန်ခံဆီကို ဖိတ်စာပို့ပေးဖို့ ဓာတ်ချောစာနဲ့ပဲ လှမ်း မေတ္တာရပ်ခံလိုက်ပါတော့တယ်။
ဟိုကလည်း မဆိုင်းမတွဘဲ အကြောင်းပြန်တယ်။ နေရာအခက်အခဲကြောင့် ဖိတ်စာကန့်သတ်ထားကြောင်းနဲ့ ဖိတ်စာတွေ အဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ ဇနီးမောင်နှံအတွက် ပို့ပေးပါ့မယ်တဲ့။ သည်လိုနဲ့ ဖိတ်စာကလည်း အင်တာနက်ကတစ်ဆင့်ပဲ ရလာတယ်။ ဖိတ်စာကို ပုံနှိပ်ပြီး ယူလာခဲ့ပေးပါလို့လည်း မှာပါသေးတယ်။
သည်လိုနဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့မှာ အဲဒီ့အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီ့ အခမ်းအနားက နေ့ခင်း ၃ နာရီမှာ စမှာ။ ၃ နာရီအတိမှာ စချင်တဲ့အတွက် ၂ နာရီ ၄၅ မတိုင်ခင် အရောက်လာပြီး နေရာယူပေးဖို့လည်း ဖိတ်စာမှာ နှိုးဆော်ထားတယ်။ ဖြစ်ချင်တော့ အဲဒီ့နေ့ နေ့လည် တစ်နာရီက သုံးနာရီအတွင်း ကန်တော်ကြီးစောင်းက ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပမယ့် မင်္ဂလာအခမ်း အနားအတွက် အခမ်းအနားမှူး လုပ်ပေးဖို့ ကျွန်တော်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လက်ခံထားမိနေတယ်။ အချိန်က နည်းနည်း ကသီလင်တဖြစ်ချင်စရာပေါ့။
တကယ်လည်း ကသီပါတယ်။ မင်္ဂလာဆောင်က ပြန်ထွက်လာတော့ ၂ နာရီ ၁၅ မိနစ်ရှိနေပြီ။ ဖြစ်ချင်တော့ ကျွန်တော့်ကားရှေ့မှာ တခြား ကားတစ်စီးက ပိတ်ရပ်သွားလို့ အဲဒီ့ကားရှင်ကို ရှာရတာနဲ့ အချိန်က ပိုကြာသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဆုန်စိုင်းပြီး အိမ်ပြန်ပြေးရသေးတယ်။ အဝတ်ပြန်လဲရသေးတာပ။ ပွဲထိုင် အဝတ်ကြီးနဲ့ လန်းလန်းလန်းလန်း လုပ်ပြီး သွားဖို့မှ မတော်ဘဲလေ။
သည်လိုနဲ့ ၂ နာရီ ၄၅မိနစ်အတိမှာပဲ “အမျိုးသမီးများရဲ့ စကားဝိုင်း“ ကျင်းပမယ့် ရွှေတောင်ကြားထဲက ဩစတြေးလျသံရုံးရဲ့ အပမ်းဖြေရိပ်သာကို ရောက်သွားပါတယ်။ စိတ်ထဲမှာ သံသယတစ်ခုက ရှိနေသေးတယ်။ သူတို့ကသာ အယ်မာ ထော်(မ်)ဆင်(န်) ပြောမယ်လို့ ပြောတာ။ လူကိုယ်တိုင် မဟုတ်ဘဲ ရုပ်မြင်သံကြားကတစ်ဆင့် ပြောရင်လည်း ဖြစ်နိုင်နေတာပဲလို့ တွေးမိနေရတာပါ။
ဒါပေမယ့် ကျွန်တော် ရောက်ပြီး မကြာခင်မှာပဲ မင်းသမီးကြီး ဝင်လာတာတွေ့လိုက်ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မင်းသမီးကြီးက ချောမောတင့်တယ်လှပါတယ်။ သူနဲ့အတူ ပြောမယ့်သူတွေက အငြိမ်းစား ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ စာရေးဆရာမ
ဂျူးနဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့လည်း ပါပါတယ်။ ကျွန်တော့် ကင်မရာက မနားတော့ပါဘူး။
အခမ်းအနားကို သုံးနာရီတိတိမှာ စလိုက်ကြပါတယ်။ စုစုပေါင်း လူ ၇၀ စာ ထိုင်ခုံချထားပြီး ထိုင်ခုံ အားလုံးနီးပါး ပြည့်ပါတယ်။ အများစုက အမျိုးသမီးတွေပါ။ အမျိုးသားရယ်လို့ ဆယ်ယောက်မပြည့်ပါဘူး။ အဖွင့်အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြးလျ သံအမတ် အမျိုးသမီးကြီးက ပြောတယ်။ သူ့နောက်မှာ ကမကထပြုတဲ့ Action Aid အဖွဲ့အစည်းက အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အဲဒီ့နောက် ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က မြန်မာနိုင်ငံက အမျိုးသမီးများရဲ့ အနေအထားကို ပုဂံခေတ်က အစချီကာ ပြောပါတယ်။ အသံချဲ့စက်မပါတဲ့ အခမ်းအနားမို့ တိုးတိုးသက်သာ ပြောတဲ့ ဆရာမကြီး အသံကို အတော် နားစိုက်ထောင်ရပါတယ်။ ဆရာမကြီးက အင်္ဂလိပ်ဘာသာနဲ့ပဲပြောတာပါ။
နောက် ဆရာမဂျူးအလှည့်ပါ။ ကျွန်တော်နဲ့အတူ မော်လမြိုင်မှာ ဟောတုန်းကထက် သည်မှာ ဒေါ်ဂျူးကပိုပြီး သွက်လက်နေတယ်။ မိန်းကလေးဆိုရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုပြီး ပုံသေကားချ သတ်မှတ်ချင်ကြတဲ့ သဘောထားကို ပယ်သင့်တဲ့အကြောင်းကို သူက ဆွေးနွေးသွားတာပါ။ သူ့မိခင် ဖခင်တို့ရဲ့ အိမ်ထောင်ရေးဘဝ၊ မိသားစုဘဝကို နမူနာလေးနဲ့ ပုံဖော်သွားတာက စိတ်ဝင်စားဖွယ်၊ နှစ်လိုဖွယ်ပါပဲ။
နောက်တစ်ယောက်က ဖြူဖြူကျော်သိန်းဖြစ်ပါတယ်။ သူကလည်း အင်္ဂလိပ်လိုပဲ ပြောပြန်ပါတယ်။ ရော့(ခ်)အဆိုတော် တစ်ယောက်အဖြစ် သူ လျှောက်လှမ်းခဲ့ရတဲ့ လမ်းကြောင်းလေးနဲ့ အစချီပြီး အမျိုးသမီးများရဲ့ အနာဂတ်အတွက် အခြေခံအကျဆုံးကတော့ ပညာရေးသာ ဖြစ်ကြောင်း သူကလည်း ချက်ချက်ချာချာ ပြောသွားတယ်။
လာပါပြီ။ ကမ္ဘာကျော်မင်းသမီးကြီး။ သည်မင်းသမီးကြီးရဲ့ ဂုဏ်ပုဒ်တွေထဲမှာ သရုပ်ဆောင်မင်းသမီး၊ ဟာသပညာရှင်၊ ဇာတ်ညွှန်းဆရာမ ဆိုတဲ့ ဂုဏ်ပုဒ်သုံးရပ်က တွဲနေပါတယ်။ ဟာသပညာရှင်ပြီပြီ သူ စဝင်လာကတည်းက ပရိသတ်က တသောသောနဲ့ ရယ်မောနေကြရရအောင် ဟန် မာန်အပြည့်နဲ့ လှုပ်လှုပ်ရှားရှား ပြောသွားပါတယ်။ ဟောစင်နောက်မှာ တောင့်တောင့်ကြီး ရပ်ပြီး ဟောပြောတာကို ဘယ်တုန်းကမှ မကြိုက်တတ်သလို ကိုယ်တိုင်လည်း တစ်ခါမှ မလုပ်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အယ်မာ့ ပြောပုံ ဆိုလက်နဲ့ ဟန်အမူအရာတွေ၊ အလှုပ်အခတ်တွေက စွဲမက်စရာ ကောင်းနေပါတယ်။ မင်းသမီးပီပီ မျက်နှာထား၊ အသံနေ အသံထားနဲ့ မင်မောင်းကလည်း အလွန်ကောင်းလှပါတယ်။
သူကလည်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝ၊ သူရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အပူပိုင်းဒေသမှာ တွေ့ခဲ့ရတဲ့ မိန်းကလေးတွေရဲ့ ဘဝများနဲ့ အစချီရင်း မိန်းမကောင်းဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာဆိုတဲ့ ခေါက်ရိုးအထပ်ထပ် အချိုးခံပြီး ပုံစံခွက်ထဲ အသွပ်ခံရပုံများကို ပြောသွားပါတယ်။ အဲဒီ့ အစဉ်အလာ အရိုးစွဲအတွေးအမြင်တွေ ပပျောက်အောင် ဆောင်ရွက်ဖို့က လူတိုင်းမှာ တာဝန်ရှိကြောင်းပေါ့။
အားလုံးခြုံလိုက်ရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအစဉ်လေးပါပဲ။ ဟောပြောသူတွေကလည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ပြီး အချိန်တွေ အများကြီး ယူမသွားဘဲ တိုတိုကျဉ်းကျဉ်းနဲ့ ထိထိမိမိ ပြောသွားကြတာမို့ ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ ဒါတောင် အခမ်းအနားပြီးတော့ ငါးနာရီ ထိုးခါနီးနေပါပြီ။ အချိန်ကို ငဲ့ရတာမို့ မူလ အစီအစဉ်အတိုင်း ပရိသတ်ရဲ့ မေးခွန်းတွေကို ဖြေကြားမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြပါတယ်။
ကျွန်တော့်အတွက် နည်းနည်း စိတ်ကသိကအောက်ဖြစ်ဖို့ ကောင်းသွားတာကတော့ အဲဒီ့က တာဝန်ရှိသူ အမျိုးသမီးတစ်ယောက်က ပွဲအလယ်မှာ ကျွန်တော့်ကို သိပ် လမ်းမသလားပါနဲ့လို့ သူ့နားက အဖြတ်မှာ ပြောတာပါပဲ။ လမ်းသလားတာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်နေတဲ့အတွက် သွားလာလှုပ် ရှားနေရတာပါလို့ ကျွန်တော် ပြောပေမယ့် သူက ဇွတ်ပြောနေပါတယ်။ နိုင်ငံခြားသူတစ်ယောက်ပါ။ စိတ်ထဲမှာ အလွန်မျက်သွားပါတယ်။ အဲဒီ့ပွဲမှာ နိုင်ငံခြားသား လူငယ် ဓာတ်ပုံဆရာတစ်ယောက်၊ မြန်မာ အမျိုးသမီး ဓာတ်ပုံဆရာမတစ်ယောက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်တို့လည်း ဓာတ်ပုံရိုက်နေကြပါတယ်။ သူတို့ဆိုရင် ပရိသတ်အားလုံးရဲ့ ရှေ့ကနေ မတ်တတ်ရပ်ပြီး ရိုက်ကြတာတွေတောင် ပါသေးတယ်။ ကျွန်တော်ကမှ ဘေးဘက်က ရိုက်တာပါ။ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ပြောနေတုန်းမှာသာ ဆရာမကြီးက ထိုင်ရာက မထဘဲ ပြောတာမို့ အလယ် မင်းလမ်းက သွားရိုက်ရပါတယ်။
ကျွန်တော်ကိုင်တဲ့ ကင်မရာကလည်း အပျော်တမ်း ကင်မရာဆိုပေမယ့် ကချော်ကချွတ်တော့ မဟုတ်ပါဘူး။ အငယ်တမ်း ပညာရှင်သုံး ကင်မရာမျိုးပါ။ တစ်ခုတော့ ရှိသပေါ့။ ကျွန်တော်က ဓာတ်ပုံရိုက်ရင် ဖြည့်စွက်မီးကို သုံးခဲတယ်။ သဘာဝ အလင်းရောင်နဲ့ ရိုက်တဲ့ အကျင့်ရှိတယ်။ မီးခွက်ကြီး တပ်ဆင်မထားတဲ့ ကင်မရာမို့ သူက အထင်သေးသလားတော့ မသိဘူး။ ဓာတ်ပုံရိုက်နေသူ လေးယောက်အနက်မှာ ကျွန်တော့်တစ်ယောက်ကိုပဲ ကွက်ပြီး အဲလိုပြောတော့ စိတ်ထဲ အတော် မျက်သွားပါတယ်။ အခမ်းအနားကလည်း တန်းလန်းမို့ အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်ချင်လို့သာ ကျွန်တော် ရှောင်ထွက်လာခဲ့ပါတယ်။ မဟုတ်လို့ကတော့ သူ့ကို ကောင်းကောင်း ပြန်ပြောဖြစ်သွားမှာ သေချာတယ်။
မြင်ရတွေ့ရခဲလှတဲ့ ကမ္ဘာကျော် မင်းသမီးကြီးကို အားပါးတရ တွေ့ရတာ၊ ဓာတ်ပုံတွေ ရိုက်ခွင့်ရလိုက်တာ၊ စကားပြောခွင့်ရလိုက်တာနဲ့ပဲ အဲဒီ့ အထစ်အငေါ့လေးကို ကျော်လွှားလိုက်နိုင်သွားပါတယ်။ ပွဲအပြီး လက်ဖက်ရည်ဝိုင်းမှာ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ဓာတ်ပုံပြပွဲကို ကြည့်ရပါတယ်။ အဲဒီ့ ဓာတ်ပုံတစ်ပုံဝယ်ရင် အယ်မာ ထော(မ်)ဆင်(န်)ရဲ့ လက်မှတ်ပါတဲ့ ကပ်ခွာလေးတစ်ခု ရမှာမို့ ဓာတ်ပုံနှစ်ပုံ ဝယ်လိုက်ပါတယ်။
ပြီးတော့ အယ်မာနဲ့ ဓာတ်ပုံတွဲရိုက်ပေါ့ဗျာ။ မင်းသမီးကြီးကလည်း သဘောမနော ကောင်းစွာပဲ၊ လူတကာနဲ့ ဖက်လှဲတကင်း ဓာတ်ပုံအရိုက်ခံ ပေးတာမို့ ကြည်နူးစရာ ကောင်းပါတယ်။
အပြန်လမ်းမှာ ကျွန်တော့်အိမ်သူက ပြောပါတယ်။
“ကမ္ဘာကျော်ကြီးပေမယ့် ပဲမများဘူးနော်”တဲ့။
ကျွန်တော်က သူ့စကား နောက်ကွယ်က အနက်ပွားကို ဆင်ခြင်မိရင်း ခေါင်းညိတ်ထောက်ခံလိုက်မိရပါတော့တယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၁၆၁၀၁၁)
ကနေ့ (၂၀-၁၀-၁၁)ထုတ် Bi Weekly Eleven ဂျာနယ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။
Inside-the-box Thinking
အမေး ပီအိပ်(ခ်ျ)ဒီ ကျောင်းသူ၊ အဖြေ လီကွမ်ယု
အင်တာနက်ကျေးဇူးကြောင့် စင်္ကာပူသတင်းတစ်ပုဒ် ဖတ်ခွင့်ကြုံလိုက်ပါ တယ်။ အသက် ၂၇ နှစ်အရွယ် ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ ဇီဝသိပ္ပံ ကျောင်းသူလေးတစ်ယောက်က စင်္ကာပူရဲ့ ဝါရင့် ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို ကျောင်းသား ၁၇၀ဝ ရဲ့ ရှေ့မှာ မေးခွန်းတစ်ခု မေးချလိုက်ပါတယ်။
အချိန်တိုအတွင်းမှာ တခြားနိုင်ငံက ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အောတိုက်နေတာမို့ စင်္ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေမှာ အမျိုးသားရေးစိတ်တွေ ပျက်ယွင်းနေကြပြီ။ ဒါ့ကြောင့် သည်နိုင်ငံဟာ သူတို့ မိခင်နိုင်ငံဆိုတဲ့ ခံစားချက်တွေ ပြန်ရလာအောင် လူမှုရေးအရ စည်းလုံး ညီညွတ်မှု ရှိလာအောင် ကျွန်မတို့တွေ ဘယ်လို လုပ်ကြရင် ကောင်းမတုံးလို့ ကလေးမလေးက သူ့ထက် အသက် ၆၀ တိတိ ကြီးတဲ့ လီကွမ်ယုကို မေးလိုက်တာပါ။
မေးခွန်းကို ဘိုးတော်က အတည့်မဖြေဘူး။ စစချင်း ပြန်ပြောတာက စင်္ကာပူနိုင်ငံရဲ့ အဆမတန် များပြားလာတဲ့ သက်ကြီးရွယ်အိုတွေ အကြာင်း ပြောတယ်၊ ပြီးတော့ စင်္ကာပူနိုင်ငံရဲ့ ကျဆင်းနေတဲ့ လူဦးရေ တိုးပွားနှုန်းအကြောင်း ပြောတယ်။ အဲဒါတွေကသာ စင်္ကာပူနိုင်ငံ့ခေါင်းဆောင်များ ခေါင်းခဲနေရတဲ့ ပြဿနာတွေလို့လည်း ဆိုတယ်။ “ကနေ့ မီးဖွားနှုန်းက ၁.ဝ၁ ပဲ ရှိတယ်။ တစ်နည်းပြောရင် အိမ်ထောင်ရှင်စုံတွဲတိုင်းမှာ ကလေး ၁.ဝ၁ ယောက်ပဲ ရှိတယ်။ ရွှေ့ပြောင်းအခြေချလာတဲ့ သူ တစ်နှစ်ကို ခြောက်သောင်းလောက်ရှိမှ ကျုပ်တို့ရဲ့ စီးပွားရေးကို ပျိုမျစ်နုနယ်စေလိမ့်မယ်လို့ မူဝါဒ လေ့လာရေး သိပ္ပံရဲ့ ကိန်းဂဏန်းတွေက ခပ်တင်းတင်းကြီး ပြဆိုနေပါတယ်။ အဲလောက်တော့ ကျုပ်တို့ မလုပ်နိုင်ဘူး။ နှစ်သောင်း၊ မသကာ နှစ်သောင်းခွဲလောက်ဆို တော်လောက်ပြီ။ ခြောက်သောင်းတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး”လို့ လီကွမ်ယုက ပြောပါတယ်။
အိမ်ထောင်ရှင်စုံတွဲတွေမှာ ကလေး ၁.၈ ယောက်နှုန်း၊ သည့်ထက် ပိုကောင်းတာက ကလေး ၂.၁ ယောက်နှုန်းလောက်အထိ မွေးနိုင်မှ လိုအပ်တဲ့ လူဦးရေကို ထေမိနိုင်မယ်လို့လည်း ဘိုးတော်က ပြောပါတယ်။
ပြီးတော့မှ လီကွမ်ယုက ကလေးမလေးကို မေးခွန်းပြန်ထုတ်ပါတယ်။
“ဒါထက် ညည်းအသက်က ဘယ်လောက်ရှိပြီလဲ”
“နှစ်ဆယ့်ခုနစ်နှစ်ပါရှင့်”
ဆက်မေးတဲ့ မေးခွန်းတွေက ကြမ်းတယ်။ သွက်တယ်။ “ညည်းမှာ အိမ်ထောင်ရှိလား” (ဟင့်အင်း… ရှိဘူးရှင့်။) “ညည်း ပါရဂူဘွဲ့ပြီးဖို့ နောက်ထပ် ဘယ်နှနှစ်လိုသေးလဲ” (နှစ်နှစ်ပါရှင့်။) “ဒါဆို ဘွဲ့ရတဲ့အချိန်ဆို ညည်းအသက် ၂၉ နှစ်ပေါ့။ ညည်းမယ် ရည်းစာရော ရှိလား” (မရှိဘူးရှင့်။)
သည်မှာတင် ဘိုးတော်က အမျိုးသမီးတွေ မီးဖွားမှုဆိုင်ရာ ဇီဝဗေဒ သဘောတရားတွေကို ပြောပါတော့တယ်။ အသက် ၃၅ နှစ်နောက်ပိုင်းမှာ မျက်နှာပြားပြား၊ မျက်လုံးပိတ်ပိတ်နဲ့ ဦးနှောက်မမှန်တဲ့ ကလေးတွေ မွေးလာနိုင်တာမျိုးလို အန္တရာယ်တွေ များပြားလာကြောင်း ဆက်ပြောတယ်။ “အဲတော့ ညည်းကို ကျုပ်အကြံပေးချင်တာက အချိန်မဖြုန်းပါနဲ့လို့ပဲဗျ။ ညည်းရဲ့ ပါရဂူဘွဲ့လည်းရ၊ ရည်းစားလည်း ရပါစေလို့ ကျုပ် ဆုတောင်းပေးလိုက်ပါသဗျာ”ဆိုတာနဲ့ စကားကို အဆုံးသတ်လိုက်တယ်။
၁၇၀ဝ ရှိတဲ့ ပရိသတ်က အုတ်အော်သောင်းသဲ ရယ်တယ်။ ကလေးမရဲ့ မျက်နှာလည်း ရဲရဲတွတ်သွားပါတော့တယ်။
သတင်းက မဆုံးသေးပါဘူး။ ကလေးမလေးကို သတင်းထောက်က မေးမြန်းထားတာတွေ ပါပါသေးတယ်။ ကလေးမလေး ရှက်သွားတဲ့အကြောင်း၊ ဖြစ်နိုင်ရင် အဲဒီ့အချိန်မှာ အငွေ့ပျံသွားချင်တဲ့အထိဖြစ်ရကြောင်း၊ ဘာညာ စတာတွေ ဆက်ရေးထားပါတယ်။
သို့သော် ကျွန်တော် ပြောချင်တာက အဲဒါတွေ မဟုတ်တဲ့အတွက် သတင်းကို အစအဆုံး ပြန်ပြောပြမနေတော့ပါဘူး။ ဒါလေးကို အင်တာနက်ပေါ်က ကျွန်တော့် စာမျက်နှာမှာ တင်လိုက်တော့ စာဖတ်သူတစ်ဦးက မှတ်ချက်ပေးလာတယ်။ “ဒါကတော့ အဲဒီ့ကလေးမ ညံ့လို့ပါ။ လီကွမ်ယုကို မမေးခင်မှာ လီကွမ်ယု ပြန်ပြောလာမယ့် တုံ့ပြန်ချက်တွေကို ကြို ပြင်မထားလို့ သူ ခံလိုက်ရတာပဲ။ နည်းတောင် နည်းသေး… တဲ့။
အဲဒါကို ကျွန်တော် အောက်ပါအတိုင်းပြန်ဆွေးနွေးဖြစ်သွားပါတယ်။
“ကလေးမ ညံ့ရခြင်းမှာ အကြောင်းနှစ်ချက် ရှိတယ်လို့ မြင်မိပါ တယ်။ ပထမတစ်ချက်ကတော့ ငယ်မာန်နဲ့ ပညာမာန်။ ဒုတိယအချက်က သူ့မေးခွန်းမှာ ပေါ်လွင်တယ်။ စလုံးမောင်မယ်တွေ အားလုံးလိုပဲ အလုပ်အကိုင် အခွင့်အလမ်း ကြုံ့ဝင်နေမှုဟာ နိုင်ငံခြားသားတွေ လှိမ့်ဝင်နေလို့ ဆိုတဲ့ အမြင်တစ်ခုတည်းကိုသာ သူက ကိုင်ဆုပ်ထားတယ်။ သည်အတွက် မူဝါဒ ချမှတ်သူတွေကိုသာ အပြစ်တင်ချင်တဲ့ သဘောက ရှိနေတယ်။ သည်မှာတင် ငါတို့မှာ ဘာတာဝန်ရှိလဲဆိုတာကို လုံးဝ မဆင်ခြင်မိတော့ဘဲ သူ့အမြင်က ပိတ်သွားတယ်။ အဲဒီ့မှာတင် သူ့ကိုယ်သူ ကာကွယ်ဖို့ ပြင်ဆင်ရကောင်းမှန်း မသိရှာတော့တာလို့ မြင်မိပါတယ်။ ယူတတ်ရင် သိပ် ကောင်းတဲ့ နမူနာပါ”လို့။
မှန်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ဟာ အင်မတန်မှ မာန်တက်လို့ ကောင်းတဲ့အရွယ်ဆိုတာ ၄၀ ကျော်ပြီး တကယ်ရင့်ကျက်လာရင် သဘောပေါက်လာပါတယ်။ ငယ်မူငယ်သွေး၊ ငယ်စိတ်ငယ်မာန်ဆိုတာ သည်အရွယ်တွေမှာ ဖြစ်တတ်တဲ့သဘောပါ။ ကျွန်တော်လည်း အဲဒီ့အရွယ်တုန်း က အဲလိုပါပဲ။ သိပ် ရှေ့နောက် မစဉ်းစားတတ်ဘူး။
သည်အထဲ ပါရဂူတန်းလောက်အထိ တက်နေပြီဆိုတော့ ပညာမာန်ကလည်း ဟိန်းဟိန်းထနေလောက်ပါပြီ။ တော်တော်တန်တန်ကို လူ မထင်ချင်တဲ့ စိတ်ကလေးက ဦးဆောင်နေမှာ သေချာပါတယ်။ သည်အခါ လီကွမ်ယုလို ပုဂ္ဂိုလ်ကြီးကိုတောင်မှ ခေတ်ဆွေး ဘိုးတော်ကြီးဆိုတဲ့ အတွေးက သိစိတ်နဲ့ပဲဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲ ဖြစ်ဖြစ် သူ့ရင်ထဲမှာ ကိန်းကောင်း ကိန်းနေနိုင်ပါတယ်။
ဒါပေမယ့် အဲဒါတွေထက် အရေးကြီးတာက ကျွန်တော်ဆွေးနွေးခဲ့သလို အမြင်ပိတ်နေတာပါ။ ပြဿနာတစ်ခုအပေါ် သုံးသပ်ရာမှာ ကိုယ့်ဘက်က ဘာလိုနေလဲဆိုတာထက် ခေတ်တွေ၊ စနစ်တွေ၊ မူဝါဒချမှတ်သူတွေကို အပြစ်ဖို့ရတာက ပိုလွယ်လွန်းလှသလို အလွန်အင်မတန်မှလည်း လူဆန်လှပါတယ်။ လူဆန်ဆို ကိုယ့်အတွက်ဆို တစ်ကွက်ချန် တွေးတတ်တဲ့ သဘာဝ၊ ကိုယ်က မှန်ပြီး သူများတကာကသာ မှားတယ်လို့ မြင်ချင်တတ်တဲ့ သဘာဝများနဲ့ လူသားတွေကိုး ခင်ဗျာ။
အဲတော့ ဟိုဘိုးတော်ကြီးက ချက်နဲ့ လက်နဲ့ တုံ့ပြန်လာမယ့် စကားတွေကို ကလေးမလေးက နည်းနည်းလေးမှ ကြိုတွက် မထားမိတော့ဘူး။ သည်လို လူမျိုးကို မေးခွန်းထုတ်မယ်ဆိုရင် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာကိုလည်း သတိမမူနိုင်တော့ဘူး။ သည်မှာတင် လူကြားထဲမှာ သူ့အရှက် ဗျန်းဗျန်းကွဲသွားရရှာတော့တာပါပဲ။
ယူတတ်ရင် အင်မတန့်ကို ယူထိုက်တဲ့ သင်ခန်းစာလေးတစ်ခုပါ။ အထူးသဖြင့် ထစ်ခနဲရှိ တောင်ပြော၊ မြောက်ပြော ပြောလွယ်တဲ့ အာစ လျှာစများ ရှိနေကြသူ ကျွန်တော်တို့ ရွှေများအတွက် အင်မတန်မှ ဆင် ခြင်ထိုက်တဲ့ နမူနာလို့ မြင်မိရလို့ လက်ဆင့်ကမ်း ဖောက်သည်ချလိုက်ရပြန်တာပါပဲခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၆၀၉၁၁)
[ကနေ့ (၁၃-၁၀-၁၁) ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၄ အမှတ် ၂၈ ပါ စာမူပါ။]
မနေ့ညက သည်ကလေးမနဲ့ အရွယ်ချင်း မကွာလှတဲ့ ကလေးမလေး တစ်ယောက်နဲ့ စကားတွေ အတော်များများ ပြောဖြစ်ခဲ့တယ်။ အခုစာထဲက ကလေးမလိုပဲ “အပိတ်တွေး”တွေနဲ့သာ ဖြစ်နေတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။ အဲလို ဖြစ်မယ့်သာ ဖြစ်နေတာ သူက စာနယ်ဇင်းနယ်ပယ်နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ကျင်လည်နေသူရယ်ပါ။ သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ သူ မွေးဖွားကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က လူကြီးမိဘ ပြောလေမျှ အကုန်နာခံ၊ တစ်ခွန်းမှ ပြန်မမေးနဲ့ဆိုတဲ့ အပိတ်ဝန်းကျင် ဖြစ်တဲ့အပြင် ကျောင်းနေခဲ့တဲ့ ၀န်းကျင်မှာလည်း မေးခွန်းထုတ်တာကို အားမပေးဘဲ အရာရာကို အသေကျက်မှတ်ခိုင်းခဲ့တဲ့ အစဉ်အလာကြီးကို မြင်လာရတဲ့အခါမှာတော့ သူကလေး ပိတ်နေတာကို အပြစ်မတင်ရက်တော့ပါဘူး။ အင်း… သည်လိုပုံနဲ့ကတော့…
Talks in Toungoo on 7 May 2011
တောင်ငူစာပေဟောပြောပွဲ အသံဖိုင်
အခုနှစ် မေလ ၇ ရက်နေ့ ညပိုင်းက ဆရာ လယ်တွင်းသား စောချစ်နဲ့အတူ တောင်ငူမှာ တစ်ပွဲ ဟောခွင့် ကြုံခဲ့ပါတယ်။ အဲဒါလေးကို အခုမှ အသံဖိုင် ရလို့ တင်ပေးလိုက်ကြောင်းပါခင်ဗျား။ ကျွန်တော်ကသာ အခုမှ အသံဖိုင် ရတယ်၊ ပရိသတ်ကတော့ ဗီဒီယိုနဲ့တောင် ကြည့်ရှုနားဆင်ပြီးပြီလို့ ဆိုပါတယ်။ အတော်များများလည်း နားဆင်ပြီး ဖြစ်ကြမှာပါ။ နားမဆင်ရသေးသူများအတွက်လည်း ဖြစ်၊ ကျွန်တော့် ဘလော့(ဂ်)မှာလည်း အမှတ်တရ ထားရှိရာလည်း ဖြစ်အောင် တင်ထားလိုက်တာပါပဲ ခင်ဗျား။
Money makes the world go round, but…
ပိုက်ဆံရဲ့ သဘောထားအမှန်
မနက်က ကျွန်တော့် ရည်းစားဟောင်း တစ်ယောက်ဆီက ဓာတ်ချောစာ ဝင်လာတယ်။ သူက ကျွန်တော် ပိုက်ဆံ မစုတာကို တစ်ချိန်လုံး မကျေမနပ် ဖြစ်နေတာ၊ အားမလိုအားမရ ဖြစ်နေတာ။
ကျွန်တော်က လူမိုက်ပေါ့။ ကျွန်တော်က ပြည်တွင်းမှာပဲ အိုးမကွာ အိမ်မကွာ ဒေါ်လာစားလာတာ ၁၁ နှစ်တောင် ရှိနေပြီ။ ကနေ့အထိ တိုက်ခန်းလေးတစ်ခန်းတောင် အပိုင်မဝယ်နိုင်သေးဘဲ အိမ်ငှားနေရတဲ့အတွက် သူတင် မဟုတ်ပါဘူး၊ ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံးကပါ ကျွန်တော့်ကို အားမရကြဘူး။
ကျွန်တော်ကတော့ ပန်းချီ ကိုမုတ်သုန်ပြောနေကျစကားလို “ဘဝကို ချောင်ထိုးထားတဲ့သူပါ။” ဖန်တရာတေနေတဲ့ ကလီရှေး (cliché) ကို သုံးရရင်တော့ နေသလိုမဖြစ်တဲ့ လောကမှာ ဖြစ်သလိုနေလိုက်တာ အကောင်းဆုံးလို့ အောက်မေ့လိုက်ရုံပါပဲ။
ကျွန်တော့်အသက် ၄၀ကျော်ပြီ။ ၁၉နှစ်သားကတည်းက ပိုက်ဆံရှာတဲ့ အလုပ်ကိုလုပ်ခဲ့တာ။ ကျောင်းတစ်ဖက်နဲ့ အငှားယာဉ်မောင်းတဲ့ အလုပ်က စလာလိုက်တာ အခုအခါမှာတော့ စားပွဲနဲ့၊ ကုလားထိုင်နဲ့၊ လေအေးစက်နဲ့၊ ကွန်ပျူတာနဲ့၊ ဓာတ်ချောပို့စနစ်နဲ့၊ အသံသွင်းချောပို့စနစ်နဲ့၊ စတိုင်ကျကျ အလုပ်တစ်ခုမှာ ရောက်နေတယ်။ အကြီးတန်း အရာရှိဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုလည်း ရှိတယ်။ လစာအနေနဲ့ကလည်း တစ်လကို သုံးသိန်းလောက် ဝင်နေတာ။
ဒါပေမယ့် အဲဒီ့အလုပ်ကနေထွက်ဖို့ ကြံနေမိပြီ။ ဒါဖြင့် မင့်မှာ တခြား ဘာအလုပ် ရှိလို့လဲဆိုရင် ဘာမှမရှိဘူး။ ခပ်တည်တည်ပဲ၊ လုပ်နေရတဲ့ အလုပ်မှာ မပျော်ပိုက်တော့တဲ့အတွက် ထွက်ဖို့ စိတ်ကူးတော့တာ။ ပိုက်ဆံ ဆိုတာလေး ရလိုမှုတစ်ခုအတွက် ကျွန်တော့်စိတ်ချမ်းသာမှုကို မစတေးချင်တော့တာ။
အားလုံးကတော့ ကျွန်တော့်ကိုလူမိုက်တဲ့။ ကျွန်တော့်အိမ်သူ အပါအဝင် ကျွန်တော့်ကို နားလည်သူ၊ ကျွန်တော်နဲ့အယူအဆချင်းတူသူ တချို့က လွဲရင်ပေါ့။
ဟိုးလွန်ခဲ့တဲ့ နှစ်၂၀လောက်က မိတ်ဆွေတစ်ယောက် ပြောဖူးတဲ့ စကားကို သတိရတယ်။
ဆီဦးထောပတ်ကို လာကျွေးတဲ့အခါ ဇွန်းနဲ့ဖြစ်ဖြစ်၊ လက်နဲ့ ဖြစ်ဖြစ် စားခွင့်မရှိဘဲ နှုတ်သီးနဲ့ ထိုးဟပ်ပြီး စားရမယ်ဆိုလို့ကတော့ နတ်သုဓာ လောက်ကောင်းနေစေဦးတော့ မစားသင့်ဘူးတဲ့။
ကျွန်တော်သိပ်သဘောကျတဲ့စကား။ လူ့သိက္ခာနဲ့လူ့မာနကို အထိပါး ခံပြီး ခွေးလိုဟပ်ရမှတော့ အဲဒီ့စားစရာက နတ်သုဓာပင် ဖြစ်နေစေဦးတော့ ဘယ်အရသာရှိပါတော့မလဲ။ ဒါပေမယ့်လည်း လောကမှာ လူ့သိက္ခာ လူ့မာနကို တန်ဖိုးမထားဘဲ စားရဖို့လေးကိုပဲ မဲနေတတ်တဲ့သူတွေကလည်း အများသားဆိုတော့ ကျွန်တော်က လူမိုက်ပေါ့။
အခုလည်း ရည်းစားဟောင်းကြီးက ကျွန်တော်အားကျစေချင်ဇောနဲ့ ရေးလာတယ်။ သူ့လင်တော်မောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ရှစ်နှစ်ရှိပြီတဲ့။ သူတို့က အခု ရန်ကုန် ဆင်ခြေဖုံးမှာ တိုက်ဆောက်နေတဲ့ အကြောင်း၊ မြေကွက်ကိုက သိန်းကိုးဆယ်လောက် တန်တဲ့အကြောင်း၊ နောက်ထပ် မြေတစ်ကွက်၊ တိုက်ခန်းနှစ်ခန်းနဲ့ ကားတစ်စီးလည်း ရှိနေပြီ ဖြစ်တဲ့ အကြောင်းတွေကို ရိုးရိုးလေး ရေးထားပါတယ်။
ရိုးရိုးလေးဆိုတာက သူ တမင်အကြွားတိုက်နေတာ မဟုတ်တာကို ပြောလိုရင်းပါ။ သူ့သဘောကို ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာက သမီးနဲ့သားနဲ့၊ သူ့မှာက သားသမီးတစ်ယောက်မှ မထွန်းကားဘူး။ ဆိုလိုတာက ကျွန်တော်က သူ့ထက်ပိုလို့ စုသင့် ဆောင်းသင့်တယ်လို့ သူက ယူဆပါတယ်။
အခုလောက် စုမိနေတာတောင် သူက အခုလည်း ဆက်စုနေတုန်းပဲလို့ ရေးလိုက်တာပါ။ သူ့စာထဲမှာ တခြားဘာမှမပါဘူး။ ဒါလေးပဲ ပါတာ။ သူကတော့ အားကျစေချင်လို့ပေါ့။
ကျွန်တော်က အခု အများလို မတွေးတော့တာ သူမသိဘူး။
အဲဒါနဲ့ သူ့ကို တစ်ခုခု ပြန်ရေးလိုက်ဖို့ စဉ်းစားတဲ့အခါ တစ်ခါက ရေးပြဖူးတဲ့ “ကိုယ့်မြေ”ဆိုတဲ့ ပုံပြင်လေးကို သတိရသွားတယ်။ အဲဒါလေးကို ပြန်ရှာရင်းနဲ့ကဗျာလေးတစ်ပုဒ်ကို တွေ့ရပြန်တဲ့အခါ စာဖတ်သူ လူကြီးမင်းများအတွက် ပြန်ဆိုပေးချင်မိသွားရပြန်တယ်။
ဖတ်ကြည့်ကြပါဦး…
ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမယ့် နားခိုရာကိုတော့ ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမယ့် အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမယ့် ပညာကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမယ့် အသက်ကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမယ့် အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမယ့် လုံခြုံမှုကို ငွေနဲ့ဝယ်လို့မရဘူး။
ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမယ့် အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။
ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊
ဒါပေမယ့် ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီး လုပ်လို့မရဘူး။
ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမယ့် ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။
ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမယ့် လူရိုသေအောင် ငွေနဲ့လုပ်လို့မရဘူး။
တွေ့တယ်နော်?
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတာ ဟုတ်လို့လား?
ခင်ဗျားမှာ ထားစရာမရှိအောင် များနေရင်
ကျုပ်ကို နည်းနည်းပါးပါး ပေးလိုက်ပါတော့လား။
ကဗျာလေးကတော့ ဒါပါပဲ။ ကျွန်တော် ပြန်တတ်သလို ပြန်ဆိုထားတာပါ။ စာဖတ်သူများအတွက်တော့ စဉ်းစားစရာလေးတွေ အထိုက်အလျောက် ပေါ်လာတန်ကောင်းတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်ဆို တင်ပြလိုက်ရပြန်တာပါပဲခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၂၇-ဝ၃-ဝ၁ ထုတ် အတွေးသစ် ဂျာနယ်မှာ ဖော်ပြခဲ့ပြီး လက်တွဲဖော် စာအုပ်တိုက်က စာမူခွင့်ပြုချက်အမှတ် ၄၀၀၂၉၂၀၆၀၃ နဲ့ ၂၀၀၆ အောက်တိုဘာလမှာ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တဲ့ ကျွန်တော့်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” (ပထမအကြိမ် ၂၀၀၂ စက်တင်ဘာလ) စာအုပ်ထဲက စာတစ်ပုဒ်ပါ။
အဟဲ… သည်စာနောက်မှာ ပြောစရာ နည်းနည်း ရှိသဗျ။ သည်စာပါတဲ့ အတ္တကျော်ရဲ့ ပထမဆုံး လုံးချင်း ထွက်ပြီး သိပ်များ မကြာခင်မှာ (၂၀၀၃ ခုနှစ်ထဲမှာပေါ့) သည်စာထဲမှာ “ရည်းစားဟောင်းကြီး”လို့ ရည်ညွှန်းခံထားရသူက ကျွန်တော့်ကို ရုပ်တည်ကြီးနဲ့ ပြောလာတယ်။ သူ့ကို “ရည်းစားဟောင်း”လို့ နောက်ကို မညွှန်းပါနဲ့တဲ့။ သူနဲ့လည်း ဘာမှ ဖြစ်ခဲ့တာမှ မဟုတ်ဘဲတဲ့။ (ဟုတ်တယ်… ကျွန်တော်မှားသွားတယ်၊ “အီစီကလီဟောင်း”လို့ ရေးရမှာလေ…
) သူ့ယောက်ျားက ကျွန်တော့်စာတွေ ဖတ်တယ်တဲ့။ တွေ့သွားမှာတဲ့။ ဘာမှတော့ မပြောပါဘူးတဲ့။ ဒါပေမယ့် မကောင်းဘူးတဲ့။ ဟား… သူ့ယောက်ျားကျတော့ သိတတ်လိုက်တာ၊ မိန်းမချင်း ဖြစ်တဲ့ ကျွန်တော့် ဇနီးကျတော့ သူ့စာနာစိတ်က ဘယ်ရောက်သွားလဲ မသိဘူး။ သူပဲ ဖုန်းဆက်၊ လာတွေ့၊ လုပ်ချင်တိုင်း လုပ်နေတာတွေအတွက် ကျွန်တော့် ဇနီးကကျတော့ သံတုံးသံခဲကြီးနဲ့ လုပ်ထားတဲ့ လူမို့လား။ တော်တော် ချဉ်သွားတယ်။ သူ့ကို တစ်ခါတည်းလည်း စိတ်ပြတ်သွားတယ်။ အစက မိတ်ဆွေအနေနဲ့ သံယောဇဉ်နည်းနည်း ကျန်ချင်နေသေးတာတောင် အပြီး ငုပ်သွားပါတော့တယ်။
အမယ်… လုပ်ချက်ကလည်း သင်းသဗျ။ သူ့ဘလော့(ဂ်)မှာ ကျွန်တော်နဲ့ ပတ်သက်ခဲ့တဲ့အကြောင်း တင်လိုက်သေးတယ်။ (နောက်မှ လူမိသွားလို့ ပြန်ဖျက်လိုက်တာ၊ ကံကောင်းချင်တော့ Google Reader နဲ့ ကူးထားတဲ့ လူတစ်ယောက်က ကျွန်တော့်ဆီ ပို့ပေးလို့ အစအဆုံး ဖတ်ရတယ်။) အဲဒီ့ စာကို သူက ခေါင်းစဉ် တပ်ထားတာကျတော့ “Old.. B.. friend /2” တဲ့ခင်ဗျ။ ဟွန့်… ( B friend ဆိုတော့ ဟဲ… ဟဲ… “ခကွေး သူငယ်ချင်း”ပေါ့နော်။ တူက ရည်းစားဟောင်းလို့ ပြောတာမှ မဟုတ်တာပဲ။
)
သည်စာကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ့် Notes အဖြစ် မကူးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မလွှဲသာလွန်းလို့ Cut & Paste လုပ်မယ်ဆိုရင်လည်း တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက မူရင်း စာရေးဆရာရဲ့ နာမည်၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးကြဖို့ မေတ္တာရပ်ခံပါရစေ။
Blessed
ကံကောင်းပါတယ်လေ…
တစ်ရက်မှာ ကျွန်မနဲ့ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ဟာ ကုန်စုံဆိုင် တစ်ဆိုင်ရှေ့မှာ ရပ်နေကြရင်း ကျွန်မရဲ့ ကလေးတွေ သောင်းကျန်းလှပုံကို ပြောနေမိပါတယ်။ အလုပ်က မောမောနဲ့ ပြန်လာပြီး အိမ်ထဲလည်း ဝင်လိုက်ရော တစ်ခါတည်း အမောကို ဆို့သွားရတဲ့ အဖြစ်က လောလောလတ်လတ် လေးတင် ဖြစ်ခဲ့တာလေ။ အိမ်ထဲကို ပုဏ္ဏကများ ဝင်မွှေသွားသလား အောက်မေ့ရလောက်အောင် တစ်အိမ်လုံး ဖရိုဖရဲနဲ့ ရှုပ်ပွလို့ရယ်။
“အခုခေတ်ကလေးတွေ အတော့်ကို စည်းမဲ့ကမ်းမဲ့နိုင်လာကြပြီ ထင်တယ် သူငယ်ချင်းရယ်။ ဆုံးမလို့လည်း မရတော့ဘူးလား မသိပါဘူး။ တစ်စက်ကလေးမှ စည်းကမ်းမရှိကြတော့ဘူးဟဲ့။ ငါလည်း အတတ်နိုင်ဆုံးတော့ သူတို့ကို ချိုချိုပြေပြေ ပြောပါတယ်ဟယ်။ သင်လည်း သင်ပါတယ်။ ဒါပေမယ့် သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်ကလေးကို တစ်စက်ကလေးမှ မနေတတ်ကြဘူး။ အဲတော့ ငါ့အိမ်ကဟယ် ဘယ်တော့ကြည့်ကြည့် ဖရိုဖရဲ ဖြစ်နေတော့တာပဲ။ အိမ်ကို ဧည့်သည်လာမှာတောင် ကြောက်နေတယ်။ တော်နေကြာ၊ သည်မိန်းမနှယ် တော်တော် ဖြစ်ကတတ်ဆန်းနေတတ်တယ်လို့ လူတွေက ထင်လိမ့်မယ်။ သိတယ်မဟုတ်လားဟဲ့… အိမ်တစ်အိမ် ရှုပ်ပွ နေရင် အထင်သေးခံရတာက အိမ်ရှင်မလေ”
“သည်က ညီမက သိပ်ကံကောင်းတာပဲနော်”
အဲဒီ့အသံက ကျွန်မတို့နှစ်ယောက်ရဲ့ နောက်က ထွက်လာတဲ့ အသံပါ။ ကျွန်မလည်း လှည့်ကြည့်လိုက်မိတယ်။ ကျွန်မတို့နဲ့ မတိမ်းမယိမ်း မိန်းမတစ်ယောက်က ကျွန်မတို့ကို ပြောလိုက်တာပါ။ ကျွန်မက လှည့်ကြည့်လိုက်aတာ့ သူက ကျွန်မကို ကြည့်ပြီး လေသံအေးအေးနဲ့ စကားဆက်ပါတယ်။
“အစ်မလေ… အိမ်ကို ပြန်သွားတဲ့အခါမှာ အိမ်ထဲမှာ ဖရိုဖရဲဖြစ်နေတာတွေကို ညီမလို မြင်စမ်းချင်လိုက်တာ။ ကော်ဇောကြီး တစ်ခုလုံးပဲ ပျက်သွားသွား၊ ဟင်းပန်းကန်တွေ တစ်အိမ်လုံးအနှံ့ တွေ့ရ၊ တွေ့ရ၊ အစ်မသာဆိုရင်တော့ တစ်စက်မှကို စိတ်ကသိကအောက်ဖြစ်မိမှာမဟုတ်ဘူး ညီမရဲ့။ ပေပွနေတဲ့ အင်္ကျီလုံချည်တွေ အထပ်လိုက်ဖြစ်နေလည်း အရေးမဟုတ်ဘူး။ တစ်အိမ်လုံး ပေရေစုတ်ပြတ်နေလို့ လူတွေက အမနာပပြောလာမယ်ဆိုလည်း ဂရုကို စိုက်မိမှာ မဟုတ်ဘူး။ အဲသလို အပြောခံရရင်တောင် အစ်မက သဘောတွေကျနေမိဦးမှာ၊ သိလား။ ဖရိုဖရဲနဲ့ ရှုပ်ပွနေတဲ့ကြားက ဟိုပစ္စည်း တက်နင်း၊ သည်ပစ္စည်း ကန်မိရင်းကနေ ကလေးတွေ ရှိရာကို အပြေးသွားပြီး သူတို့ကို ဖက်လိုက်ရ၊ နမ်းလိုက်ရ၊ ချစ်လိုက်ရမယ်ဆိုရင်ကို တော်လှပါပြီ ညီမရယ်။ သည်လိုညီမရဲ့၊ အစ်မရဲ့ ကလေးသုံးယောက်စလုံး ကားတိုက်လို့ ဆုံးသွားကြပြီလေ။ အခုဆို တစ်အိမ်လုံးမှာ အစ်မနဲ့ အစ်မယောက်ျားပဲ ရှိတော့တယ်။ အစ်မတို့အိမ်က ဖိတ်ဖိတ်လက်အောင် သန့်ရှင်းတောက်ပြောင်နေတာပဲ။ အင်္ကျီ လုံချည်တွေဆိုလည်း သူ့ဟာနဲ့သူ အထပ်လိုက် သပ်သပ်ရပ်ရပ်၊ အိုးတွေ၊ ပန်းကန်တွေဆိုလည်း ဖိတ်ဖိတ်ကို လက်လို့။ အစ်မတို့ အိမ်နံရံတွေမှာဆိုလည်း လက်ရာလေး တစ်ကွက်တောင် မရှိဘူး။ ကော်ဇောပေါ်ဆိုလည်း ဘာအစွန်း၊ ဘာအကွက်မှ မရှိဘူး။ ငြင်းနေခုန်နေ၊ ရန်ဖြစ်နေသံတွေလည်း မရှိဘူး။ တံခါးတွေ ဖွင့်လိုက် ပိတ်လိုက် လုပ်သံလည်း မရှိဘူး။ ရယ်သံလည်း မရှိဘူး။ မေကြီးရေဆိုတဲ့ အသံလည်း မရှိတော့ဘူး ညီမရယ်။ အဲတော့ ညီမရယ်… ညီမဘဝက သိပ်ကံကောင်းတာပေါ့။ အခု ညီမ ရောက်နေတဲ့ဘဝကိုသာ အစ်မရနိုင်မယ် ဆိုရင်လေ အစ်မမှာ ရှိရှိသမျှ စည်းစိမ်တောင် အကုန်လုံး ပုံပေးလိုက်ချင်ပါရဲ့။ အစ်မရဲ့ကလေးလေးတွေကို ပွေ့ရဖက်ရမှာ၊ သူတို့ရဲ့မျက်ရည်တွေ၊ နှပ်တွေကို သုတ်ပေးရမှာ၊ သူတို့လေးတွေရဲ့ တော့တီးတော့တ ပြောသမျှတွေကို နားထောင်ရမှာနဲ့တင် အစ်မဘဝ အစစပြည့်စုံနေတော့မှာ ညီမရဲ့။ အစ်မရဲ့ကလေးတွေသာ အစ်မ ပြန်ရမယ်ဆိုရင် အစ်မအိမ်က ဘယ့်ကလောက်ပဲ ပွချင်ပွနေပါစေ၊ ဘယ့်ကလောက်ပဲ ဖရိုဖရဲနဲ့ လူတကာ မဲ့ချင်ရွဲ့ချင်စရာ ဖြစ်နေပါစေ၊ ဖြစ်ချင်သလောက် ဖြစ်စမ်း၊ အစ်မလေ… သားလေး၊ သမီးလေးတွေရဲ့ မျက်နှာကို မြင်ရတာနဲ့တင် အကုန်လုံးကို ရင်ဆိုင်နိုင်မှာ ညီမရဲ့ သိလား”
စာဖတ်သူများရှင်…
ကျွန်မအိမ်ကို တစ်ခါတစ်ခေါက်များ အလည်ရောက်လာခဲ့ပြီး တစ်အိမ်လုံး ပွနေတာများ မြင်ကြတဲ့အခါ ကျွန်မကို စာဖတ်သူတို့ စိတ်ကြိုက် အပြစ်တင်ချင်သလောက် တင်လိုက်ကြပါတော့ရှင်။ သည်မိန်းမနှယ် တော်တော် ပစ္စလက္ခတ်နိုင်ရန်ကောလို့ ပြောချင်လည်း ပြောကြပါတော့ရှင်။
စာဖတ်သူတို့ ကျွန်မကို ဘယ်လိုထင်ထင်၊ ဘယ်လိုပြောပြော၊ ကျွန်မ အင်မတန် ကံကောင်းတယ်ဆိုတာကို အခုတော့ ကောင်းကောင်းကြီး သိလာခဲ့ပြီမို့ ရှင်တို့ ကျွန်မကို ထင်ချင်သလိုသာထင်၊ မြင်ချင်သလိုသာ မြင်လိုက်ကြပါတော့နော်။
Tammy Laws Lawson ရေးတဲ့ Blessed ကို ဆီလျော်အောင် ပြန်ဆို တင်ဆက်လိုက်တာပါ။
ဘာမဟုတ်တဲ့ အဖြစ်အပျက်ကလေးတစ်ခုပေမယ့် မျက်စိလျှမ်းနေတတ်တဲ့ ကျွန်တော်တို့တွေကို လှုပ်နှိုးပြီး သတိပေးလိုက်သလို ခံစားမိရလို့ ပြန်ဆိုတင်ပြလိုက်ရပြန်တာပါပဲ။
သိပ်မှန်တာပေါ့။ ကျွန်တော့်အိမ်မှာဆိုရင် သူ့အမေနဲ့ သူ့သားသမီးတွေနဲ့က တစ်ချိန်လုံး တကျက်ကျက်။ သားတို့၊ သမီးတို့ အခန်းဆိုတာ အမြဲတန်း ပွလို့ရယ်။ တော်နေကြာရင် ပိန္နဲပင် ကျွန်တော့်မှာပါ စက်ကွင်းက မလွတ်တော့ဘူး။ တော်ကိုယ်တိုင်ကိုက စည်းကမ်းမရှိတော့ တော့်သားသမီးတွေကလည်း တော့်အကျင့်တွေ လိုက်ပြီး ထင်တိုင်းကျဲနေကြတာဆိုတာမျိုးပေါ့။
တစ်ခါတလေကျတော့လည်း ကျွန်တော့်သားသမီးတွေကို ကျွန်တော် ကိုယ်တိုင် စိတ်တိုင်းက တယ်မကျချင်ဘူး။ သူတို့မအေ ပြောလည်း ပြောစရာ။ နေတာထိုင်တာ၊ လုပ်တာကိုင်တာ အကုန်လုံး အချိုးကို မကျဘူး။
ဒါပေမယ့် ကျွန်တော် သတိထားမိနေတာ တစ်ခုရှိတယ်။ သူတို့လေးတွေ တဖြည်းဖြည်းကြီးကောင်လေးတွေ ဝင်လာကြပြီဆိုတာပဲ။ ရင်ခွင်ပိုက်ကလေးတွေ မဟုတ်ကြတော့ဘူး။ အတောင်အလက်ကလေးတွေ တဖြည်းဖြည်းနဲ့ စုံသထက် စုံလာနေကြပြီ။ နောက် လေးငါးနှစ်နေရင် အခုလို အိမ်ကပ်ကြတော့မှာ မဟုတ်တော့ဘူး။ ကိုးကြွင်းကိုးကြွင်းနဲ့ရှိကြမှာမို့ တစ်နေ့ တစ်နေ့ သူတို့မျက်နှာ မြင်ရဖို့အရေး ဖအေ၊ မအေက မနည်းစောင့်ရတော့မှာ။ အဲဒီ့ကမှ နောက်ဆယ်နှစ်ကျော်ပြီဆိုရင် သူတို့အိုး၊ သူတို့အိမ်နဲ့၊ သူတို့ဘဝ သူတို့တည်ကြတော့မှာ။
အဲတော့ အခုလို အတူနေရသခိုက်လေး၊ ချစ်ခွင့်ရသခိုက်လေးမှာ ရှိနေတဲ့အတိုင်းလေး ချစ်နေလိုက်ရတာက ပိုမကောင်းပေဘူးလားဆိုတာကို ကျွန်တော်တွေးမိနေတာ ခဏခဏပါပဲ။
သည်စာလေးကို ဖတ်မိပြီးတဲ့အခါမှာတော့ အဲဒီ့ကျွန်တော့်အတွေးက ပိုခိုင်သွားပါတော့တယ်။ ယောနိသောမနဿီကာယဆိုတာ အင်မတန် ရွတ်လို့ ကောင်းတဲ့ စကားပါ။ မြန်မာလိုတော့ အသင့်အတင့် နှလုံးသွင်းတာပေါ့။
ဒါပေမယ့် ကျွန်တော်တို့တွေ နေရာတကာမှာ ဘယ်လောက်အထိ အသင့်အတင့် နှလုံးသွင်းနေဖြစ်လို့လဲ။ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း၊ စိတ်ရိုင်းတွေ ဝင်မိတဲ့ အကြိမ်တွေက နည်းမှတ်လို့။
အခုဇာတ်လမ်းလေးက မိသားစုဘဝလေးကိုသာ ဖော်ပြထားပေမယ့် ဆန့်စဉ်းစားရင် ကျွန်တော်တို့ရဲ့ လူမှုဘဝနယ်ပယ်၊ လုပ်ခွင်ဘဝနယ်ပယ်အထိ ချဲ့ရင် ချဲ့သလောက် အများကြီး ရပါတယ်။ သူဆိုတာ ငါမဟုတ်ဘူး ဆိုတဲ့အတိုင်းပဲ၊ သူတစ်ပါးအပေါ် ကျွန်တော်တို့ စိတ်တိုင်းမကျမိတဲ့အကြိမ်တွေလည်း ဘဝတစ်လျှောက်မှာ မနည်းလှတော့ပါဘူး။
သို့သော် အဲဒီ့ “သူ” မရှိတဲ့အခါကျတော့မှ “သူ့”ကိုပဲ တသမိတဲ့ အကြိမ်တွေလည်း မနည်းဘူး မဟုတ်လား။
အဲတော့ စိတ်တိုင်းမကျဖြစ်ချင်လာရတဲ့အခါတိုင်းမှာ စဉ်းစားစရာ တစ်စတစ်လေတော့ သည်ဇာတ်ကလေးက ဖော်ပေးတယ်လို့ ကျွန်တော်ကဖြင့် တွေးနေမိရပါတယ်။
ရေးနေရင်းနဲ့ ဖျတ်ခနဲ သတိရလိုက်တာလေးတစ်ခုလည်း ဖြည့်စွက်လိုက်ချင်ပါသေးတယ်။
ဆရာမကြီးဒေါက်တာမတင်ဝင်းရဲ့ မိခင်ပြောနေကျ လက်သုံးစကားလေးလို့ ဆရာမကြီး ရေးထားတာ ဖတ်ဖူးပါတယ်။ တစ်ခုခုဆိုရင် ထိရှလွယ်တတ်တဲ့ ဆရာမကြီးကို သူ့မိခင်ကြီးက အမြဲပြောလေ့ရှိပါသတဲ့။ “ သေတာလောက် ဘယ်ဟာမှ မသည်းပါဘူး သမီးရယ်”တဲ့။
သိပ်ကောင်းတဲ့ စကားလေးပါ။
အခု ဇာတ်နဲ့လည်း တစ်နည်းတစ်ဖုံ ဟပ်နေတယ်လို့ ခံစားမိတဲ့အတွက် အဲဒီ့စကားလေးကိုပါ ဖြည့်စွက် တင်ပြလိုက်တာဖြစ်ပါတယ်။
အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
[စာမူခွင့်ပြုချက်အမှတ် ၁၂၀၂/ ၂၀၀၄(၁၀)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့
“ဘယ်ဆီကိုများ ဒုန်းစိုင်းသွားနေ” စာအုပ်ထဲက စာတစ်ပုဒ်ပါ။]
အင်တာနက်ပေါ်က မိတ်ဆွေတွေ ဖတ်စေချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော့်စေတနာကို အသိအမှတ်ပြုတယ်ဆိုပါရင် ကျွန်တော့်စာတွေကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ်ပိုင် လိုလို ဘာလိုလိုအဖြစ် မကူးကြစေချင်ပါဘူး။ မအောင့်နိုင်ဘူး၊ အဲလိုမှ Cut & Paste မလုပ်ရလို့ အစာမကြေ ရင်မချောင်ဖြစ်ရတယ်ဆိုရင်တော့ တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက ကျွန်တော့် နာမည်၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ မူလတန်းမှသည် ဘွဲ့ယူတဲ့အထိ သူများ ရေးထားတဲ့ စာစီစာကုံးတွေ၊ paragraph တွေကို အလွတ်ကျက်ပြီး ကိုယ်ရေးတာလိုလို ဘာလိုလို လုပ်ကာ အမှတ်တွေ ယူခဲ့ကြပြီး လူလားမြောက်လာရတဲ့ ရွှေတို့ရဲ့ အဖြစ်ဆိုးကို နားလည်စာနာပါတယ်။ ဒါပေမယ့်ဗျာ… မကောင်းတဲ့ စနစ်ကို လက်ညှိုးထိုးပြီး ကိုယ့်ကိုယ်ကိုယ် သူခိုး အဖြစ်ခံမလား၊ စနစ် ဘယ်လောက် မကောင်း မကောင်း၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား။
As long as we can’t let go
အင်တာနက်ပေါ်က မိတ်ဆွေတွေ ဖတ်စေချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော့်စေတနာကို အသိအမှတ်ပြုတယ်ဆိုပါရင် ကျွန်တော့်စာတွေကို ပြန်ဖြန့်ဝေတဲ့အခါ မူရင်း လင့်(ခ်)ကိုသာ ချိတ်ဆက်ပေးတော်မူကြစေချင်ပါတယ်။ Cut & Paste လုပ်ပြီး ကိုယ်ပိုင် လိုလို ဘာလိုလိုအဖြစ် မကူးကြစေချင်ပါဘူး။ မအောင့်နိုင်ဘူး၊ အဲလိုမှ Cut & Paste မလုပ်ရလို့ အစာမကြေ ရင်မချောင်ဖြစ်ရတယ်ဆိုရင်တော့ တစ်ပုဒ်လုံး ဘာတစ်ခုမှ မခြွင်းချန်ဘဲ၊ အထူးသဖြင့် အောက်ဆုံးက ကျွန်တော့် နာမည်၊ နေ့စွဲ၊ မူရင်း စာအုပ်အမည်များအပြင် သည်လင့်(ခ်)ကိုပါ ဖြည့်စွက်ပြီး ကူးတော်မူကြဖို့ မေတ္တာရပ်ခံပါရစေ။ မူလတန်းမှသည် ဘွဲ့ယူတဲ့အထိ သူများ ရေးထားတဲ့ စာစီစာကုံးတွေ၊ paragraph တွေကို အလွတ်ကျက်ပြီး ကိုယ်ရေးတာလိုလို ဘာလိုလို လုပ်ကာ အမှတ်တွေ ယူခဲ့ကြပြီး လူလားမြောက်လာရတဲ့ ရွှေတို့ရဲ့ အဖြစ်ဆိုးကို နားလည်စာနာပါတယ်။ ဒါပေမယ့်ဗျာ… မကောင်းတဲ့ စနစ်ကို လက်ညှိုးထိုးပြီး ကိုယ့်ကိုယ်ကိုယ် သူခိုး အဖြစ်ခံမလား၊ စနစ် ဘယ်လောက် မကောင်း မကောင်း၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမလားဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား။
မျောက်က ဆင်းသက်လာသော
မျောက်ထောင်တဲ့ နည်းတစ်နည်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသဗျ။ သည်လို…
အုန်းသီးတစ်လုံးကို အလုံးမပျက်စေဘဲ အတွင်းက အသားတွေကို ခြစ်ထုတ်လိုက်တယ်။ ပြီးတော့ အဲ့ဒီအုန်းသီးကို သစ်ပင်မှာဖြစ်ဖြစ်၊ မြေကြီးပေါ် စိုက်ထားတဲ့ စို့တစ်ခုမှာဖြစ်ဖြစ် ကြိုးတန်းလန်းနဲ့ ချည်ထားတယ်။
အုန်းသီးရဲ့ အောက်ခြေမှာကျတော့မှ အပေါက်ရှည်ရှည်ကလေး တစ်ပေါက် ဖောက်ပြီး အုန်းသီးထဲကို အစာထည့်ထားလိုက်တယ်။ အဲဒီအပေါက် ရှည်ရှည်လေးက မျောက်ရဲ့ လက်ဝါးတစ်ဝါးစာ ၀င်သာရုံ၊ ဟတယ်ဆိုရုံလေး ဖောက်ထားတာ။ လက်သီးဆုပ်ဆိုရင် မ၀င်သာဘူး။ ထွက်လည်း မထွက်သာဘူးပေါ့ဗျာ။
အဲလိုနဲ့ အုန်းသီးကို အသာလေးချထားလိုက်တယ် ဆိုရင်ပဲ အစာနံ့ရတဲ့ မျောက် ရောက်လာတော့တာပဲ။ အုန်းသီးထဲမှာ အစာရှိမှန်း ကိုရွှေမျောက်က သိသပေါ့။ သည်မှာတင် ခက်ခက်ခဲခဲ အပေါက်ထဲ သူ့လက်ကလေး ထိုးထည့်လိုက်တယ်။ ပြီးတော့ အစာကို စမ်းတယ်။ တွေ့တယ်။ ဆုပ်တယ်။ လက်ကို ပြန်နုတ်တယ်။ မရဘူး။
ပြောပါပကော။ အပေါက်ကလေးက ဟတယ် ဆိုရုံကလေး ဖြစ်နေအောင် သေချာလုပ်ထားတဲ့ အပေါက်ကလေးလေ။ လက်တစ်ဝါးစာ ၀င်သာပေမယ့် ဆုပ်ထားတဲ့ လက်ကျတော့ မ၀င်သာ မထွက်သာတဲ့ အပေါက်။ ဒါပေမယ့် ကိုရွှေမျောက်အတွက်ကျပြန်တော့လည်း အစာက မက်စရာ။ အစာလိုချင်လို့ လက်ကို ထည့်လိုက်တာပဲ။ အဲဒီအစာကို ဆုပ်လျက်သားလေးအတိုင်းပဲ လက်ကို ပြန်နုတ်ချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ကြိုးစားကြိုးစား လက်ကို နုတ်လို့ မရဘူး။
မျောက်ထောင်ဆရာတွေ ရောက်လာတဲ့ အခါမှာတော့ ကိုရွှေမျောက် ပျာသွားတယ်။ ဒါပေမယ့် သူ မပြေးနိုင်တော့ဘူး။ ဘယ်လိုမှ ပြေးလို့ မရတော့ဘူး။
တကယ်တော့ အဲဒီမျောက်ကို ဘယ်သူကမှ ဖမ်းတာ မဟုတ်ပါဘူး။ ဘယ်သူကမှ ပြေးလို့ မရအောင် လုပ်ထားတာ မဟုတ်ပါဘူး။ သူ့ဇော၊ သူ့လောဘဇောကသာ သူ့ကို မလွတ်တမ်း ဖမ်းချုပ်လိုက်တာပါ။
အမှန်က ဆုပ်ထားတဲ့ လက်ကလေးကို ဖြည်လိုက်တာနဲ့ သူ့လက်ကို အသာလေး ပြန်ဆွဲနှုတ်လို့ ရပါတယ်။ သို့သော် ကိုရွှေမျောက်ရဲ့ လောဘဇောက သိပ်ကို ပြင်းနေတော့ ဆုပ်မိထားတဲ့ အစာကို လွှတ်လိုက်ရင် ငါလည်း လွတ်မှာပါလားဆိုတဲ့ စိတ်ကူးက မရနိုင်အောင် ဖြစ်နေတော့တာပေါ့။
အင်း… မျောက်က ဆင်းသက်လာတဲ့ ကျွန်တော်တို့တတွေလည်း အဲဒီ ကိုရွှေမျောက်နဲ့ ပိန်မသာ၊ လိမ်မသာပါပဲ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေထဲမှာ ကိန်းနေတဲ့ ဆန္ဒဇော အထွေထွေနဲ့ ကိုယ့်ဘာသာကိုယ် အကျဉ်းကျနေကြတာများ….။
တကယ်တော့ ကျွန်တော်တို့တွေလည်း လက်ကလေးဖြန့်လိုက်၊ ဆုပ်ထားတာလေးတွေကို လွှတ်လိုက်၊ သံယောဇဉ်တွေ ဖြတ်လိုက်မယ်ဆိုရင်….။
(၀န်ခံသမှု – ကမ္မဌာန်းဆရာ Joseph Goldstein ရေးတဲ့ The Experience of Insight စာအုပ်ထဲမှာ တွေ့ရတာလေးတစ်ခုကို ဆီလျော်အောင် ပြန်ဆိုတင်ဆက်လိုက်တာ ဖြစ်ပါတယ်။)
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဖတ်စရာဂျာနယ်၊ အမှတ် ၁၇၊ မေလ ၈ ရက်၊ ၂၀၀၅ ခုနှစ်)
(ကျွန်တော့်ရဲ့ “တစ်မြို့နှစ်စိတ်” စာအုပ်က အခုကျတော့မှ ဘာဖြစ်နေတယ် မသိဘူး။ ကူးယူ ဖော်ပြတဲ့သူနောက်တစ်ဦး တွေ့ရပြန်တယ်။ သည်တစ်ခါတော့ မျက်ရှုဆိုတဲ့ ဘလော့(ဂ်)မှာပဲ ခင်ဗျ။ မြန်မာလိုသာ မျက်ရှုတာ။ သူတို့ လိပ်စာကကျတော့ မြတ်ရှုဖြစ်နေလေရဲ့။ http://www.myatshu.com/ ဆိုသကိုးလေ။ Myat မြတ်လို့ပဲ တစ်သက်လုံး သင်ခဲ့ မှတ်ခဲ့ရတာကိုး။ ထားပါတော့လေ။ သူတို့ဆီမှာ တင်ထားတာတွေ့တာနဲ့ ပြန်ကူးပြီး ကျွန်တော့် ဘလော့(ဂ်)မှာ တင်ပေးလိုက်ပါတယ်။)


